ကလေးမြို့ ရွှေလွင်ပြင်ယာဉ်လိုင်းက ကာယကံမေတ္တာလူမှုကူညီရေးအသင်းသို့ လူနာတင်ယာဉ်လှူဒါန်း

120

 

က​လေး၊ နိုဝင်ဘာ ၂၀

ကလေးမြို့အခြေစိုက် ရွှေလွင်ပြင်ယာဉ်လိုင်းက လူမှုကူညီရေးအသင်းများအနက် အကြီးဆုံးအသင်းဖြစ်သော ကာယကံမေတ္တာ လူမှုကူညီရေးအသင်းသို့ လူနာတင်ယာဉ်တစ်စီးလှူဒါန်းမှုကို ယနေ့ ရွှေလွင်ပြင်လက်မှတ်ရောင်းဂိတ်ခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကလေးမြို့မှာ Accident တစ်ခုခုဖြစ်တာတို့၊ ရောဂါတစ်ခုခု အသည်းအသန်ဖြစ်လို့ မန္တလေးဆေးရုံကြီးပြေးရမှာတို့ဆိုရင် ကားရှားတယ်၊ ဘယ်ကားငှားလို့ ငှားရမှန်းမသိဘူး၊ ပြီးတော့ ကားငှားရင်လည်း ငှားခ စျေးကြီးတယ်ပေါ့၊ အဲဒီအချိန်မှာ ကာယကံမေတ္တာအသင်းက မန္တလေးလို Highway သွားပြီး ဆေးကုသရမယ့်သူတွေအတွက် စျေးနှုန်း သက်သက်သာသာနဲ့ လူနာရှင်တွေလည်း အဆင်ပြေအောင် အရေးပေါ်ခရီးတွေ လိုက်ပို့ပေးတယ်ဆိုတာ သိရတယ်၊ သူတို့အသင်းမှာလည်း Highway သွားဖို့က ကြံ့ကြံ့ခိုင်ခိုင်နဲ့ကားကောင်းဆိုလို့ တစ်စီးပဲရှိတဲ့အတွက် Highway သွားရာမှာသုံးဖို့ လူနာတင်ယာဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ လှူဒါန်းဖြစ်ခဲ့တာပါ”ဟု ရွှေလွင်ပြင်ယာဉ်လိုင်း တည်ထောင်သူ ကိုစောမင်းလတ်က ပြောကြားသည်။

ကလေးမြို့ ကာယကံမေတ္တာအသင်းတွင် နာရေးပို့သီးသန့်ယာဉ် တစ်စီး၊ လက်ရှိ Covid-19 ကပ်ရောဂါအတွက် အသုံးပြုနေသည့် Super Custom ယာဉ် နှစ်စီး၊ သွေးလှူဒါန်းမှုများတွင် အသုံးပြုနေသည့် Honda Fit ယာဉ် တစ်စီးနှင့် Highway အရေးပေါ်ဆေးကုသရာတွင် အသုံးပြုရန် Alphard ယာဉ် တစ်စီးရှိကာ ယခု ရွှေလွင်ပြင်ယာဉ်လိုင်းက Alphard လူနာတင်ယာဉ်တစ်စီး လှူဒါန်းလိုက်သည့်အတွက် Highway သွားရာတွင်အသုံးပြုရန် ယာဉ် နှစ်စီး ရှိလာမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။

“အခုလို လှူဒါန်းဖြစ်တာက အသင်းအနေနဲ့ လှူဒါန်းတာဖြစ်လို့ အသင်း၀င်တွေအားလုံးလည်း ကုသိုလ်ရမယ်၊ ကျွန်တော်တို့ ရွှေလွင်ပြင်မှာ လာရောက်အားပေး စီးနင်းကြတဲ့ ခရီးသွားပြည်သူတွေလည်း ကုသိုလ်ရမယ်၊ အဓိကကတော့ ကိုယ့်မြို့က အရေးပေါ်လူနာတွေ မန္တလေးတို့၊ ရန်ကုန်တို့ ဆေးသွား ကုသရတဲ့အခါ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်တယ်” ဟု ရွှေလွင်ပြင်ယာဉ်လိုင်းတည်ထောင်သူ ကိုစောမင်းလတ်က ထပ်မံဆိုသည်။

ကလေးမြို့ရှိ ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသည် သာမန်လူနာများ၊ သာမန်ခွဲစိတ်ကုသမှုများကို ၀န်ဆောင်မှု ပေးနိုင်သော်လည်း ရောဂါရင့်လူနာများ၊ ကင်ဆာရောဂါသည်များ၊ ယာဉ်မတော်တဆဖြစ်ပါက ဒဏ်ရာ ကြီးကြီးမားမားရရှိသူများနှင့် ခွဲစိတ်မှုအကြီးစားပြုလုပ်ရမည်ဆိုပါက မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ပုဂ္ဂလိကဆေးရုံများသို့သာ သွားရောက်ကုသကြရသည်။ ထိုသို့ သွားရောက်ရာတွင် လေယာဉ်ဖြင့်သွားလာရန် အဆင်မပြေသည့်အတွက် လူနာနှင့် လူနာရှင်သာ ပို့ဆောင်ပေးနိုင်မည့် ကားများကို အပြတ်ငှားရမ်း၍ သွားကြသည့်အခါ ကားရှားပါးမှုနှင့် စျေးနှုန်းမြင့်မားမှုတို့ကြောင့် မတတ်နိုင်သော လူနာရှင်အချို့မှာ အခက်တွေ့ကြရကြောင်း လူမှုရေးလုပ်ငန်းများတွင် ကူညီလုပ်ဆောင်ပေးနေသူ ဒေသခံ ကိုမင်းစိုးက ပြောဆိုသည်။

“ကျွန်တော်တို့မြို့မှာ အခုလို Highway အရေးပေါ်ထွက်ရင် အသုံးပြုလို့ရမယ့် လူနာတင်ယာဉ်တွေ အများကြီးလိုအပ်တယ်၊ တစ်ခုခု အရေးပေါ်ဆိုရင် ကလေးမြို့အနေအထားနဲ့ မနိုင်တော့ မန္တလေးပြေးရတာက များတာကိုး၊ အခုလို အလှူရှင်တွေ များများလိုအပ်တယ်၊ ဒါမှ မြို့အတွက် အထောက်အကူများများရမှာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here