ကလေးမြို့ မြို့ပြင်ရှိ စျေးဆိုင်များအား ဖယ်ရှားရန် ညွှန်ကြား

100

 

က​လေး၊ စက်တင်ဘာ ၂၆

ကလေးမြို့ မြို့ပြင်ရှိ မြို့အ၀င် မုခ်ဦးနှစ်ခုကြား စျေးဆိုင်များအား Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းနိုင်ရေးတို့အတွက် လမ်းဘေးအခိုင်အမာ တည်ဆောက်ထားသော စည်းကမ်းမဲ့စျေးဆိုင်များအား ယခု စက်တင်ဘာလမကုန်မီ နောက်ဆုံးထားဖယ်ရှားရန် ညွှန်ကြားထားကြောင်း ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“အဓိကကတော့ ယာဉ်အန္တရာယ်ကင်းရှင်းရေးအပြင် မြို့သာယာလှပရေးအတွက် လုပ်ဆောင်တာပါ၊ သူတို့ဖွင့်ထားတဲ့စျေးဆိုင်တွေက လမ်းဘေးမှာ စည်းကမ်းမဲ့ဖွင့်ထားတာအပြင် အခုကတည်းက မကြပ်မတ်ထားရင် ရေရှည်မှာ စျေးဆိုင်တွေ တန်းစီနေအောင် ဖြစ်လာမှာစိုးတဲ့အတွက် ကြိုတင်ကြပ်မတ်တာပေါ့၊ သူတို့ကို တစ်ပတ်အတွင်း အပြီး အမြန်ဆုံးဖယ်ခိုင်းထားတယ်” ဟု အဆိုပါကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွင်က ပြောကြားသည်။
ကလေး-ကလေး၀လမ်းပိုင်းရှိ ကလေးမြို့ မြို့အ၀င် မုခ်ဦးနှစ်ခုအကြား ကွမ်းယာဆိုင်၊ မုန့်ဆိုင် အစရှိသည့် စျေးဆိုင်ဖွင့်လှစ်သူဦးရေမှာ ပိုမိုများပြားလာသည့်အတွက် ရေရှည်တွင် ဖောင်ကူးတံတားအနီးရှိ စျေးဆိုင်တန်းများကဲ့သို့ များပြားလာမည်စိုးသဖြင့် ကြိုတင်တားမြစ်ရခြင်းဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“ဟိုတစ်နေ့ကတော့ စျေးသည် သုံး၊ ​လေးယောက်လောက် လာပြောကြတယ်၊ သူတို့ လမ်းနယ်နိမိတ်အတွင်း ဖွင့်ခွင့်မရရင် လမ်းနယ်နိမိတ်ပြင်ပ ဖွင့်မယ်ပေါ့၊ ဒါပေမဲ့ ကလေး-ကလေး၀လမ်းနယ်နိမိတ်သည် ပေ ၂၃၀ အကျယ်ရှိတာဖြစ်တဲ့အတွက် တစ်ဖက်ကို ၁၁၅ ပေနှုန်းပေါ့၊ အဲဒီ ၁၁၅ ပေရဲ့ ပြင်ပက ဖွင့်မယ်ဆိုရင်တောင် စျေးဆိုင်တွေအတွက်က သိပ်အဆင်မပြေနိုင်ဘူး၊ တအားဝေးသွားပြီပေါ့၊ ဒါကြောင့် သူတို့ကိုတော့ ကောင်းတာက ညွှန်ကြားချက်အတိုင်း အခုဖွင့်နေတဲ့နေရာမှာ မဖွင့်ဖို့ သူတို့ကို ပြန်ရှင်းပြခဲ့ရတယ်၊ အခု ဖွင့်ထားတဲ့စျေးဆိုင်တွေအားလုံး စည်းကမ်းနဲ့မညီတဲ့အတွက် တားမြစ်တာပါ” ဟု ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွင်က ထပ်မံဆိုသည်။

ကလေးမြို့တွင် Covid-19 ကာလ စီးပွားရေးကျပ်တည်းလာကြချိန်တွင် လမ်းဘေး မြေနေရာကျယ်၀န်းသော နေရာများ၌ တစ်ပိုင်တစ်နိုင်စျေးဆိုင်များ ဖွင့်လှစ်လာကြပြီး ရွေ့လျားစနစ်ဖြင့် ရောင်းချသည့်စျေးသည်များလည်း ယခင်ထက်များပြားလာကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

ဓာတ်ပုံ- Ka Phoe Tin

LEAVE A REPLY

Please enter your comment!
Please enter your name here