ကလေးမြို့ စမ်းမြို့ရပ်ကွက်အား ​အောက်တိုဘာ ၁၂ ရက်မှစ၍ Stay at Home သတ်မှတ်ထားမှု ဖြေလျှော့သွားရန် လျာထားဟုဆို

66

 

က​လေး၊ ​အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် Covid-19 ရောဂါပိုးတွေ့ရှိသူအများစုသည် စမ်းမြို့ရပ်ကွက်အတွင်း နေထိုင်သူအများစုဖြစ်သဖြင့် အဆိုပါရပ်ကွက်အား စက်တင်ဘာ ၂၉ ရက်မှစ၍ Stay at Home သတ်မှတ်ခဲ့ပြီး နယ်မြေ ၄ နှင့် နယ်မြေ ၆ တို့ကို သီးခြားနယ်မြေအဖြစ် အသွားအလာများကန့်သတ်ခဲ့ရာ ယခုအခါ ပိုးတွေ့လူနာ လျော့ကျလာပြီဖြစ်သဖြင့် အောက်တိုဘာ ၁၂ ရက်မှစ၍ Stay at Home သတ်မှတ်ထားမှု ဖြေ​​လျှော့သွားရန် လျာထားကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ကလေးမြို့မှာ ပိုးတွေ့လူနာအများစုက စမ်းမြို့ရပ်ကွက်ကဖြစ်နေတယ်၊ ဒါကြောင့် တစ်မြို့လုံးမဟုတ်ဘဲနဲ့ အဲဒီတစ်ရပ်ကွက်တည်းကို Stay at Home သတ်မှတ်ပြီး အဲဒီရပ်ကွက်ထဲမှာပါတဲ့ နယ်မြေ ၄ နဲ့ နယ်မြေ ၆ ကိုတော့ သီးခြားနယ်မြေအဖြစ် သတ်မှတ်ခဲ့တာ၊ အခု ပိုးတွေ့လူနာတချို့လည်း ရောဂါပျောက်ကင်းပြီး ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တာတွေ ရှိတယ်၊ ရောဂါပိုးတွေ့ရှိတဲ့သူ နည်းလာပြီဖြစ်တဲ့အတွက် စမ်းမြို့ရပ်ကွက်ကို လာမယ့် ၁၂ ရက်နေ့မှာ Stay at Home ပယ်ဖျက်သွားဖို့ လျာထားတယ်” ဟု အဆိုပါကော်မတီ၏ အဖွဲ့၀င်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

အောက်တိုဘာ ၁၁ ရက်(ယ​နေ့)အထိမူ ကလေးမြို့ စမ်းမြို့ရပ်ကွက်အား လမ်းအသွားအလာများ ကန့်သတ်ထားပြီး Stay at Home ဖြင့် နေထိုင်ကြရန် ညွှန်ကြားထားဆဲဖြစ်သည်။ အဆိုပါရပ်ကွက်အား Stay at Home သတ်မှတ်ထားစဉ်ကာလအတွင်း ထိစပ်မှုရှိနေသည့် တောင်ဖီလာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ သဇင်ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ အိတ်စွတ်ကျေးရွာတို့နှင့် ဆက်စပ်နေသည့်လမ်းမများအားလုံးပါ သွားလာမှုများ ပိတ်ပင်ခဲ့ကာ စမ်းမြို့ရပ်ကွက်အ၀င်လမ်းများသို့ ဖြတ်သန်းသွားလာမှုမရှိစေရေးနှင့် လုံခြုံရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များနှင့် Volunteer များအား တာ၀န်ပေးအပ်ထားကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထပ်မံသိရသည်။

“Stay at Home ပယ်ဖျက်ပြီးရင် လွတ်လွတ်လပ်လပ် သွားလာလို့ရပြီဆိုပေမဲ့ ဒီကာလကတော့ အတတ်နိုင်ဆုံး အိမ်အပြင် မထွက်စေချင်ဘူး၊ လူစုလူဝေးဖြစ်မယ့်နေရာတွေဆီ သွားလာတာမျိုးတွေ ရှောင်ကြဉ်သင့်တယ်၊ ပြီးတော့ အရေးအကြောင်းကိစ္စရှိလို့ အပြင်ထွက်မယ်ဆိုလည်း ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနရဲ့ လမ်းညွှန်ချက်​တွေအတိုင်း လိုက်နာစေချင်တယ်” ဟု အဆိုပါကော်မတီ၏ အဖွဲ့၀င် ဦးညီညီဇော်က ထပ်မံပြောဆိုသည်။

Stay at Home သတ်မှတ်ထားသည့် စမ်းမြို့ရပ်ကွက်အတွင်း အိမ်ထောင်စုပေါင်း ၁,၆၅၀ ကျော်နှင့် လူဦးရေ ၈,၉၀၀ ကျော်ရှိကာ အဆိုပါရပ်ကွက်အတွင်း နေထိုင်သူများအားလုံး စားရေးသောက်ရေးနေထိုင်မှုနှင့် ကျန်းမာရေးကိစ္စများကို ဌာနဆိုင်ရာ တာ၀န်ကျ Volunteer များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ကလေးမြို့တွင် ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း အောက်တိုဘာ ၁၀ ရက်အထိ Covid-19 ပိုးတွေ့ရှိထားသူ ၂၈ ဦးရှိခဲ့ပြီး ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၃ ဦးရှိသွားပြီဖြစ်ကာ ကျန်ရှိသူ ၁၅ ဦးအား ခုတင် ၃၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး၌ ကုသပေးလျက်ရှိကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)
စမ်းမြို့ရပ်ကွက်အား Stay at Home သတ်မှတ်ရန် တာ၀န်ရှိသူများ ပြင်ဆင်ခဲ့စဉ်က မြင်ကွင်းများ။
ဓာတ်ပုံ- Nyi Zaw

LEAVE A REPLY

Please enter your comment!
Please enter your name here