ကလေးမြို့ စမ်းမြို့ရပ်ကွက်အား Stay at Home စတင်သတ်မှတ်လိုက်ပြီး လမ်းအသွားအလာများ၊ ယာဥ်ဖြတ်သန်းမှုများ စတင်ကန့်သတ်

270

 

က​လေး၊ စက်တင်ဘာ ၂၉

ကလေးမြို့တွင် Covid-19 ရောဂါပိုးတွေ့ရှိသူအများစုမှာ စမ်းမြို့ရပ်ကွက်အတွင်းနေထိုင်သူ အများစုဖြစ်နေသည့်အတွက်စက်တင်ဘာ ၂၉ ရက်(ယ​နေ့)မှစ၍ အဆိုပါရပ်ကွက်အား Stay at Home စတင်သတ်မှတ်လိုက်ပြီး လမ်းအသွားအလာများ၊ ယာဉ်များဖြတ်သန်းမှုများအား စတင်ကန့်သတ်လိုက်ကြောင်း ကလေးမြို့နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

“အခု Covid-19 ဒုတိယလှိုင်းမှာ ဒီနေ့အထိဆို ပိုးတွေ့လူနာ ၁၂ ယောက်ရှိနေပြီ၊ အဲဒီ ၁၂ ယောက်မှာ မြောက်ချောတောရွာက တရုတ်ပြန်တစ်ယောက်နဲ့ ကံကြီးရွာက နှစ်ယောက်က ရောဂါသက်သာပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီ၊ လောလောဆယ် Covid-19 ရောဂါပိုးတွေ့ရှိလို့ ဆေးရုံမှာ ကုသနေဆဲက ကိုးယောက်ကျန်မှာပေါ့၊ အဲဒီ ကိုးယောက်စလုံးက ပြည်တွင်းကူးစက်မှုတစ်ယောက်ကနေစပြီး တစ်ဆင့်ပြန်လည် ကူးစက်သွားတယ်၊ အဲဒီ ကိုးယောက်စလုံး စမ်းမြို့ရပ်ကွက်ကဖြစ်နေတယ်၊ ဒါကြောင့် မနေ့ညကပဲ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကိုင်းတိုင်း၀န်ကြီးချုပ်တို့ Online Zoom Meeting လုပ်ပြီး ရောဂါပိုးအတွေ့များတဲ့ စမ်းမြို့ရပ်ကွက်ကို Stay at Home လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ ဒီနေ့ပဲ စမ်းမြို့ရပ်ကွက်ကို Stay at Home သတ်မှတ်လိုက်ပြီဖြစ်တာကြောင့် လမ်းအသွားအလာတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ ဖြတ်သန်းမှုမရှိဖို့ ကြိုးတွေနဲ့တားပြီး လမ်းတွေမှာ စောင့်ကြပ်ရေးအဖွဲ့တွေဖွဲ့ တာ၀န်ပေးတာတွေ ဒီနေ့ပဲစလုပ်တယ်” ဟု အဆိုပါကော်မတီ၏ ကော်မတီအဖွဲ့၀င်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

ကလေးမြို့ စမ်းမြို့ရပ်ကွက်အား ယနေ့မှစ၍ Stay at Home သတ်မှတ်လိုက်သဖြင့် အခြားရပ်ကွက်များနှင့်ထိစပ်နေသော တောင်ဖီလာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ သဇင်ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ အိတ်စွတ်ကျေးရွာတို့နှင့် ဆက်စပ်နေသည့်လမ်းများအားလုံး ကြိုးများတား၍ စတင်ပိတ်ထားလိုက်ပြီဖြစ်ကာ အဆိုပါလမ်းများသို့ ဖြတ်သန်းသွားလာမှုမရှိစေရေးနှင့် လုံခြုံရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များနှင့် Volunteer များအား တာ၀န်ပေးအပ်ထားကြောင်း ကလေးမြို့နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ ထပ်မံသိရသည်။

“စမ်းမြို့ရပ်ကွက်နဲ့ တခြားရပ်ကွက်တွေ ဆက်စပ်သွားလာနိုင်တဲ့ လမ်းတွေကို ဒီနေ့ပဲ စပိတ်တယ်၊ လမ်းတစ်လမ်းပိတ်တဲ့အခါမှာလည်း စောင့်ကြပ်ဖို့အတွက် လူ ​လေးဦးထက်မပိုစေဖို့၊ Stay at Home ဒေသအကျုံး၀င်ပြည်သူများနဲ့ စကားပြောရာမှာ အချိုသာဆုံး ပြောဆိုဖို့၊ လိုအပ်တဲ့အကူအညီတွေပေးဖို့၊ အရေးအကြောင်းဆို ကျွန်တော်တို့ကော်မတီနဲ့ အမြန်ဆုံးဆက်သွယ်ဖို့ မှာကြားထားတယ်” ဟု အဆိုပါကော်မတီမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

Stay at Home သတ်မှတ်လိုက်သော စမ်းမြို့ရပ်ကွက်အတွင်း အိမ်ထောင်စုပေါင်း ၁,၆၅၀ ကျော်နှင့် လူဦးရေ ၈,၉၀၀ ကျော်ရှိကာ အဆိုပါရပ်ကွက်အတွင်း နေထိုင်သူများအားလုံး စားရေးသောက်ရေးနေထိုင်မှုနှင့် ကျန်းမာရေးကိစ္စများကို ဌာနဆိုင်ရာ တာ၀န်ကျ Volunteer များက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သည် Covid-19 ပထမလှိုင်းကာလကလည်း မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး ပထမဦးဆုံးတွေ့ရှိခဲ့သည့်လူနာက ကလေးမြို့ပေါ်တွင် သွားလာလှုပ်ရှားခဲ့သည့်အတွက် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာနှင့်အတူ Stay at Home ပထမဦးဆုံးသတ်မှတ်ခံခဲ့ရသည့်မြို့လည်းဖြစ်သည်။

ယခု Covid-19 ဒုတိယလှိုင်းကာလတွင်မူ ယနေ့ စက်တင်ဘာ ၂၉ ရက်အထိ Covid-19 ရောဂါပိုးတွေ့ရှိသူ ၁၂ ဦးအထိ တွေ့ရှိထားသည့်အနက် ကိုးဦးမှာ ကုသနေဆဲဖြစ်ကာ လတ်တလောအချိန်အထိ စမ်းမြို့ရပ်ကွက် တစ်ရပ်ကွက်တည်းသာ Stay at Home သတ်မှတ်ထားဦးမည်ဖြစ်ပြီး လိုအပ်ပါက ကျန်ဆက်စပ်နယ်မြေများအားလုံး Stay at Home သတ်မှတ်မည်၊ မသတ်မှတ်မည်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ၍ လမ်းညွှန်မှုအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here