ကလေးမြို့ ကားကြီးကွင်းအတွင်း CCTV ကင်မရာများ တိုးချဲ့တပ်ဆင်

493

ကလေး၊ ဧပြီ
အထက်ချင်းတွင်းဒေသ၏ လမ်းဆုံမြို့ဖြစ်သော ကလေးမြို့ ကားကြီး ကွင်းအတွင်း နယ်စပ်လုံခြုံရေးအရ ပြီးခဲ့သည့် ဒီဇင်ဘာလက CCTV ကင်မရာများ တပ်ဆင်ခဲ့သော်လည်း CCTV ကင်မရာအလုံးရေ နည်းပါးသည့်အတွက် ယခုအခါ တိုးချဲ့တပ်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
”နယ်စပ်လုံခြုံရေးအရ လမ်းဆုံမြို့ဖြစ်နေတော့ ကားကြီးကွင်းက အချက်အချာကျနေတယ်၊ လုံခြုံရေးဆိုင်ရာကိစ္စတွေပဲဖြစ်ဖြစ်၊ လုယက်မှုနဲ့ မှုခင်းနဲ့ဆက်နွယ်တဲ့ကိစ္စတွေပဲဖြစ်ဖြစ် ပြဿနာတွေဖြစ်လာရင် မှတ်တမ်းကနေ ခြေရာခံနိုင်၊ ဖော်ထုတ်နိုင်အောင်လို့ မနှစ်က ဒီဇင်ဘာလ မှာ CCTV ကင်မရာ ရှစ်လုံး တပ်ဆင်ခဲ့တယ်၊ အဲဒီရှစ်လုံးက ကားကြီးကွင်း တစ်ခုလုံးကို ခြုံကြည့်နိုင်အောင်ပဲ တပ်ဆင်ထားရတာမို့ နေရာအသေးစိတ် မတပ်ဆင်နိုင်ခဲ့ဘူး၊ ဒါနဲ့ အခုကျတော့ နေရာတော်တော်များများကို အသေးစိတ်ခြုံကြည့်နိုင်အောင်ဆိုပြီး CCTV ကင်မရာလေးလုံး တိုးချဲ့တပ်ဆင်ထားတယ်၊ နောက်ထပ်တိုးတာနဲ့ဆိုရင် အခု ၁၂ လုံး ဖြစ်သွားပြီပေါ့”ဟု ကလေးမြို့နယ် ‘ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေး ဆွဲနိုင်ရေးကော်မတီ(မစက)’ ဥက္ကြ ဦးစိုးဝင်းက ပြောသည်။
ပြီးခဲ့သည့် CCTV ကင်မရာ ရှစ်လုံးတပ်ဆင်မှုကို အခွန်အခရရှိထားသော ရင်းနှီးစုဆောင်းငွေနှင့် အထွေထွေလက်ကျန်ငွေထဲမှ သုံးစွဲထားခြင်းဖြစ်ပြီး ပထမအကြိမ်တပ်ဆင်မှုမှာ ကျပ် ၂၁ သိန်းခန့်ကုန်ကျခဲ့ကာ ယခု တိုးချဲ့ CCTV ကင်မရာ လေးလုံးတပ်ဆင်မှုမှာ ကျပ် ၁ဝ သိန်းကျော် ကုန်ကျခဲ့ကြောင်း၊ CCTV ကင်မရာနှင့် စောင့်ကြည့် Screen TV တို့ကို ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်ထားကာ ဧပြီလ နောက်ဆုံးပတ်အတွင်း တပ်ဆင်ပြီးစီးခဲ့ကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက)မှ သိရသည်။
”ပထမအကြိမ်တပ်တုန်းက CCTV ကင်မရာနဲ့ စောင့်ကြည့် Screen TV တို့ကို ကြိုးနဲ့ချိတ်ဆက်ရတဲ့ စနစ်နဲ့ တပ်ဆင်ခဲ့တော့ ကြိုးသွယ်တန်းရတာတွေနဲ့ အချိန်နည်းနည်းပိုကြာခဲ့တယ်၊ အခု တိုးချဲ့ကင်မရာ လေးလုံးကျတော့ ကြိုးမဲ့စနစ်နဲ့ ဖြစ်သွားတော့ ပိုအဆင့်မီသွားတာပေါ့၊ အခု စောင့်ကြည့်ကင်မရာ ၁၂ လုံးနဲ့ဆိုတော့ ကားကြီးကွင်းတစ်ခုလုံးကို နေရာအစုံ မှတ်တမ်းတင်လာနိုင်သလို တစ်ခုခုဆို CCTV ကနေ ခြေရာခံနိုင်မယ်၊ အဓိကကတော့ ကိုယ့်မြို့လုံခြုံရေးအတွက် တပ်ဆင်ရတာပါ”ဟု ယင်း ကော်မတီဥက္ကြ ဦးစိုးဝင်းက ထပ်မံဆိုသည်။
ကလေးမြို့မှာ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ကူးသန်းရာနှင့် ချင်းပြည်နယ်သို့သွားရာ အဓိကလမ်းကြောင်းဖြစ်သဖြင့် ကားကြီးကွင်း အပြင် လမ်းဆုံ မီးပွိုင့်နှင့် အခြားအချက်အချာကျသော လမ်းများတွင်လည်း CCTVကင်မရာများ တပ်ဆင်ပေးစေလိုကြောင်း ဒေသခံများကဆိုသည်။
”ကလေးမြို့က နယ်စပ်မြို့ဖြစ်နေတော့ ကားကြီးကွင်းအပြင် လမ်း ဆုံမီးပွိုင့်တို့နဲ့ အချက်အချာကျတဲ့ လမ်းတွေမှာလည်း CCTV ကင်မရာ တပ်ဆင်ပေးစေချင်တယ်၊ ကားကြီးကွင်းမှာတပ်ရင် ကားကြီးကွင်း တစ်ခုတည်းက လှုပ်ရှားသွားလာမှုပဲ မြင်ရမယ်၊ လမ်းတွေမှာတပ်မှ ယာဉ်တိုက် မှု၊ လုယက်မှု၊ ဒုစရိုက်မှုတွေဖြစ်ရင်လည်း အလွယ်တကူနဲ့ ဖော်ထုတ်နိုင်မယ်”ဟု ကလေးမြို့ခံ ကိုရန်နိုင်ထွန်းက သုံးသပ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here