ကလေးမြို့၏ ဒုတိယယာဉ်သွားလာမှုအများဆုံး  ပင်လုံလမ်းမတော်လမ်းကို ထပ်ပိုးကတ္တရာ  စတင်ခင်းကျင်း

409

ကလေး၊ မေ

ချင်းတောင်၏ တံခါးဝမြို့ဟုတင်စားကြသော ကလေးမြို့တွင် ဒုတိယယာဉ်သွားလာမှု အများဆုံးဖြစ်သည့် ပင်လုံလမ်းမတော်လမ်းကို ယခုမေလဆန်းပိုင်းမှစတင်၍ ထပ် ပိုးကတ္တရာ ခင်းကျင်းလျက်ရှိကြောင်း သိရသည်။

”ပင်လုံလမ်းမတော်လမ်းက ဆိုးဆိုးရွားရွား ပျက်စီးနေတယ်ဆိုပြီး ဒေသခံတွေကလည်းပြောနေကြတယ်၊ ကျွန်တော်တို့ စည်ပင်ကလည်း ဘတ်ဂျက်အနေအထားအရ မနှစ်က မခင်းနိုင်ခဲ့ဘူး၊ ဒါကြောင့် ဒီနှစ် အခုခြောက်လ ဘတ်ဂျက်မှာ ရရှိထားတဲ့ဘတ်ဂျက်ငွေနဲ့ အခုစခင်းနေတယ်၊ ခင်းတာကတော့ ထပ်ပိုးကတ္တရာအမျိုးအစားကို ၂၄ ပေ အကျယ်နဲ့ ပေ ၂,၁ဝဝ ခင်းသွားမှာပါ”ဟု ‘ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီ’မှ အင်ဂျင်နီယာမှူး ဦးအောင်နေလင်း က ပြောကြားသည်။

အဆိုပါ လမ်းခင်းကျင်းမှုကို ယခု မေလဆန်းပိုင်းမှ စတင်ခင်းကျင်းနေသော်လည်း ဘတ်ဂျက်ငွေ အနေအထားအရ တစ်လမ်းလုံး ခင်းကျင်းနိုင်ဦးမည်မဟုတ်ဘဲ ပေ ၂,၁ဝဝ သာ ခင်းကျင်းနိုင်ဦးမည်ဖြစ်ကြောင်း၊ လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်တာကာလမှသာ ပင်လုံလမ်းမတော်လမ်းတစ်လျှောက်လုံး ခင်းကျင်းနိုင်မည်ဖြစ်၍ လတ်တလော ထပ်ပိုးကတ္တရာ မခင်းကျင်းနိုင်သေးသည့် လမ်းနေရာများကို ဖာထေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

”လောလောဆယ် ဘတ်ဂျက်ငွေအနေအထားအရ ပင်လုံလမ်းမတော်လမ်းတစ်လျှောက်လုံး ခင်းနိုင်ဦးမှာ မဟုတ်ဘူး၊ အခု ခြောက်လတာ ဘတ်ဂျက်ကာလ မှာ ပေ ၂,၁ဝဝ ပဲ ခင်းနိုင်ဦးမယ်၊ ကျန်တဲ့ လမ်းတစ်ဝက်ကိုက လာမယ့် ၂ဝ၁၈-၂ဝ၁၉ ခြောက်လတာ ဘတ်ဂျက်ကာလမှ ခင်းနိုင်မယ်၊ လောလောဆယ် ကျန်နေသေးတဲ့ အပိုင်းကို ဖာထေးပြုပြင်မှုတွေလုပ်ပေးသွားမယ်၊ အခု ထပ်ပိုးကတ္တရာခင်းနေမှုအတွက် ၃၆ ဒသမ ဝ၄ သန်း ဘတ်ဂျက်ငွေကျထားပါတယ်၊ အခု ခင်းနေတာကိုလည်း မေလကုန်အပြီးခင်းသွားမယ်”ဟု ယင်းကော်မတီမှ အင်ဂျင်နီယာမှူး ဦးအောင်နေလင်းက ထပ်မံဆိုသည်။

ပင်လုံလမ်းမတော်လမ်းသည် ကလေးမြို့တွင် ဒုတိယယာဉ်သွားလာမှု အများဆုံးလမ်းဖြစ်သည့်အပြင် ကုန်တင်ကားများ၊ ခရီးသည်တင်ဘတ်စ်ကားများ အဓိကသွားလာရာ လမ်းကြောင်းဖြစ်သည့်အတွက် လမ်းတစ်လျှောက်လုံး ကောင်းမွန်အောင် အမြန်ဆုံးခင်းကျင်းပေးစေလိုကြောင်း ဒေသခံများက ဆိုသည်။

”ပင်လုံလမ်းမတော်လမ်းက ကုန်တင်ကားကြီးတွေရော သွားနေတာဆိုတော့ ချိုင့်ခွက်တွေများပြီး တော်တော်ပျက်စီးနေတယ်၊ အဲဒီလမ်းက သွားရင် ချိုင့်ခွက်တွေ ရှောင်မောင်းနေရတာနဲ့ကို ခရီးက ရောက်သင့်သလောက်မရောက်ဘူး၊ အစိုးရအဖွဲ့ ဝန်ကြီးတွေလာရင် အဲဒီလမ်းကို တစ်ချက်လောက်သွားကြည့်စေချင်တယ်၊ အခု ကတ္တရာခင်းနေပြီဆိုတော့ အရင်ကထက်စာရင် ဝမ်းသာစရာကောင်းပေမဲ့ တစ်လမ်းလုံးအပြည့် ကတ္တရာခင်းပေးစေချင်တယ်၊ လမ်းခင်းတဲ့နေရာမှာလည်း စံချိန်စံညွှန်းမီအောင် အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့ ရှိစေချင်တယ်” ဟု ကလေးမြို့ခံတစ်ဦးက ၎င်း၏အမြင် ကို ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here