ကလေးမြို့အခြေစိုက် ယာဉ်အသင်းများရှိ ယာဉ်ပိုင်ရှင်များအား ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့

116

 

က​လေး၊ နိုဝင်ဘာ ၁

Covid-19 ကပ်ရောဂါကြောင့် Covid-19 ဒုတိယလှိုင်းကာလအတွင်း ကလေးမြို့အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းများ ယာယီရပ်နားထားရသည်မှာ နှစ်လနီးပါးရှိနေပြီဖြစ်သည့်အတွက် စားသောက်ရေးအဆင်ပြေစေရန် ယာဉ်အသင်းများရှိ ယာဉ်ပိုင်ရှင်များအား ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ပေးခဲ့ကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ (မစက)မှ သိရသည်။

“ခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့ ရပ်နားထားရတာကြာတော့ စားရေးသောက်ရေး အခက်တွေ့လာတယ်ပေါ့၊ ဒါကြောင့် ဒီကနေ့မှာပဲ ကလေးမြို့မှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ ယာဉ်အသင်းတွေမှာ အသင်း၀င် ယာဉ်ပိုင်ရှင်တွေကို ထောက်ပံ့ပေးခဲ့တာပါ” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးစိုး၀င်းက ပြောကြားသည်။

ကလေးမြို့သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့များမှ တိုက်ရိုက်ပြေးဆွဲသည့် ခရီးစဉ်များနှင့် ယာဉ်လိုင်းများရှိသော်လည်း ယခုထောက်ပံ့မှုတွင် ကလေးမြို့၌ အခြေစိုက်ဖွင့်လှစ်ထားသော ယာဉ်အသင်း ၁၉ သင်းသာပါ၀င်ပြီး အသင်း၀င် ယာဉ်ပိုင်ရှင်များကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ ထောက်ပံ့ရာတွင် ယာဉ်ပိုင်ရှင်တစ်ဦးလျှင် ဆန် ရှစ်ပြည်၊ ဆီတစ်ပုံး၊ အိုင်အိုဒင်းဆား နှစ်ထုပ် တို့ကို ထောက်ပံ့ပေးခဲ့ကာ စုစုပေါင်း ယာဉ်ပိုင်ရှင် ဦး​ရေ ၂၁၀ အား ထောက်ပံ့ပေးခဲ့ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“အခုလိုထောက်ပံ့တဲ့အခါမှာ ကလေးမြို့မှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ ယာဉ်အသင်းတွေပဲ ပါတာဖြစ်တဲ့အတွက် များသောအားဖြင့် ချင်းတောင်တက်တဲ့ ယာဉ်လိုင်းတွေများတယ်၊ ဥပမာ ယာဉ်အသင်းတစ်သင်းမှာ အသင်း၀င်ယာဉ်ပိုင်ရှင် ၁၀ ဦးရှိရင် ၁၀ ဦး ထောက်ပံ့ပေးတာပေါ့၊ ယာဉ်ပိုင်ရှင်စုစုပေါင်း ဦး​ရေ ၂၁၀ ကို မစက ရန်ပုံငွေထဲကနေပဲ ထောက်ပံ့ပေးခဲ့တာ၊ အခုလို ထောက်ပံ့ပေးတဲ့အခါမှာ မစက ၀န်ထမ်း ၁၁ ယောက်ကိုပါ ထည့်သွင်း ထောက်ပံ့ပေးခဲ့ပါတယ်” ဟု ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက) ဥက္ကဌ ဦးစိုး၀င်းက ထပ်မံဆိုသည်။

ကလေးမြို့အခြေစိုက် ယာဉ်အသင်းများရှိ ယာဉ်ပိုင်ရှင်များအား ထောက်ပံ့ပေးမှုကို နို၀င်ဘာ ၁ ရက်(ယ​နေ့)တွင် ကားကြီးကွင်းအတွင်းရှိ မစကရုံး၌ ကျင်းပခဲ့ပြီး ခရိုင်ပို့/ဆက်ဦးစီးမှူး၊ မစက ဥက္ကဌနှင့် ကော်မတီ၀င်များနှင့် ယာဉ်လိုင်းအသင်း၀င် ယာဉ်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here