ကလေးမြို့အခြေစိုက် ယာဉ်လိုင်းပေါင်း  ၆၆ လိုင်းအထိ ရှိလာ

684

ကလေး၊ ဧပြီ

ကလေးမြို့တွင် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်က ယာဉ်အသင်းပေါင်းခြောက်ဆယ်နီးပါးသာ ရှိခဲ့သော်လည်း တစ်နှစ်ကျော်ကာလအတွင်း ကလေးမြို့မှ ရန်ကုန်၊ မန္တလေးအပြင် မကွေး၊ ပခုက္ကူဒေသများအထိ တိုးချဲ့ပြေးဆွဲလာမှုများကြောင့် ယခု ၂ဝ၁၈ ခုနှစ်တွင် ယာဉ်အသင်းပေါင်း ၆၆ လိုင်းအထိရှိလာကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီ (မစက)မှ သိရသည်။

”၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကလေး-ရန်ကုန်ပြေးဆွဲတဲ့ ယာဉ်လိုင်းက လေးသင်းလောက် ပဲရှိတယ်၊ အခုကျတော့ ကလေး-ရန်ကုန်တင် ခုနစ်သင်းလောက်ရှိလာတယ်၊ အခုဆိုရင် ကလေးကနေ ရန်ကုန်၊ မန္တလေးအပြင် မကွေး၊ ပခုက္ကူ၊ နေပြည်တော် စတဲ့ မြို့တော်တော်များများအထိ တိုက်ရိုက်ယာဉ်လိုင်းတွေ ရှိလာတယ်၊ ဒါကြောင့်လည်း ဒီနှစ်ထဲမှာ ၆၆ လိုင်းအထိ တိုးလာတယ်”ဟု အဆိုပါကော်မတီ ဥက္ကြ ဦးစိုးဝင်းက ပြောသည်။

ကလေးမြို့နယ် အခြေစိုက် ယာဉ်လိုင်းများတွင် ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလအထိ ယာဉ်အသင်း ခြောက်ဆယ်နှင့် ယာဉ်အစီးရေ ၇၃၃ စီး ရှိခဲ့သော်လည်း ယခုအခါ ယာဉ်အသင်း ၆၆ သင်းနှင့် ယာဉ်အစီးရေ ၇၈၅ စီးအထိ တိုးလာခဲ့သည့်အပြင် ထပ်မံလျှောက်ထားဆဲ ယာဉ်လိုင်းများလည်း ရှိကြောင်း၊ ယင်းသို့ ၂ နှစ်တာကာလအတွင်း ယာဉ်လိုင်းများ အဆမတန်များပြားလာခြင်းသည် မြို့ခံလူထုများ ကူးသန်းသွားလာရာ၌ များစွာ အဆင်ပြေစေမည်ဖြစ်ပြီး အပြိုင်အဆိုင်ဝန်ဆောင်မှုများလည်း ကောင်းမွန်လာစေနိုင်ကြောင်း ယင်းကော်မတီမှ ထပ်မံသိရသည်။

”ကလေးမြို့မှာက ရန်ကုန်၊ မန္တလေးမြို့ကြီးတွေလို ကားကြီးကွင်းတွေ ကျပ်တဲ့အနေအထားလည်း မရှိသေးဘူး၊ ယာဉ်ကြောကျပ်တည်းမှုလည်း မရှိသေးတဲ့အတွက် အခုလို ယာဉ်လိုင်းလျှောက်တဲ့သူတွေများလာတာ မြို့ခံတွေအတွက် အများကြီးအဆင်ပြေတယ်၊ အခု ကလေး-ရန်ကုန် ယာဉ်လိုင်းတချို့ဆို ၁ဝ ကြိမ်စီး တစ်ကြိမ်အခမဲ့ ဆိုတဲ့ ဝန်ဆောင်မှုတွေ ပေးလာကြတယ်၊ ဒါဟာ ယာဉ်လိုင်းတွေအပြိုင်အဆိုင် ဝန်ဆောင်မှုပေးလာတာနဲ့အမျှ ခရီးသွားတွေ အကျိုးခံစားရတယ်၊ ပြီးတော့ ဘယ်မြို့၊ ဘယ်ခရီးသွားသွား ကားလက်မှတ်ပြည့်လို့ ခရီးစဉ်ကို နောက်ရက်ရွှေ့ရတယ်ဆိုတဲ့ အခက်အခဲ မရှိတော့ဘူးပေါ့”ဟု ယင်းကော်မတီ ဥက္ကြ ဦးစိုးဝင်းက ထပ်မံဆိုသည်။

လက်ရှိ ကလေးမြို့နယ်အခြေစိုက် ပြေးဆွဲနေသော ယာဉ်လိုင်းများတွင် AD Van ၊ Mark II ၊ အန်စာ တုံး၊ Micro Bus၊ မှန်လုံ Express ကားကြီးများနှင့် Scania ကားကြီးများပါဝင်ပြီး ကလေးမြို့မှ အခြားမြို့အသီးသီးသို့ တိုက်ရိုက်ခရီးစဉ်မရှိသော ယာဉ်လိုင်းအရေအတွက်မှာ အလွန်နည်းပါးလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

”ကလေး-ရန်ကုန်ခရီးစဉ်ကို ကားခက ရိုးရိုးကားကနှစ်သောင်းခွဲ၊ အထူးကားက သုံးသောင်းယူတယ်၊ ကလေး-မန္တလေး ခရီးစဉ်တွေကျတော့ အနည်းဆုံး ကျပ် ၁၈,ဝဝဝ ကနေ ကျပ် နှစ်သောင်းခွဲအထိ စျေးအသီးသီး ယူကြတယ်၊ ကလေး- ပခုက္ကူခရီးစဉ်ဆိုရင် ကျပ်တစ်သောင်းခွဲ ဝန်းကျင် ယူကြတာများတယ်”ဟု ကလေး-မန္တလေးပြေးဆွဲနေသော ‘ကဘော်ရွှေပြည်ယာဉ်လိုင်း’မှ ဂိတ်မှူး ဦးကျော်ကျော်က ဆိုသည်။

ကျော်ကျော်အော်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here