ကလေးမြို့သို့ ၀င်ရောက်လာမည့် ကုန်စည်ပို့ဆောင်ရေး ကားများ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Covid-19 ပိုးရှိမရှိ မြို့၀င်ဂိတ် သုံးဂိတ်ဖွင့်လှစ်၍ စစ်ဆေးပေးမည်

194

 

က​လေး၊ ​အောက်တိုဘာ ၇

ကလေးမြို့သို့ အခြားမြို့များမှ ၀င်ရောက်လာမည့် ကုန်စည်ပို့ဆောင်ရေးကားများ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Covid-19 ပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ရန် မြို့အ၀င်ဂိတ်များတွင် ဂိတ် သုံးဂိတ်ဖွင့်လှစ်၍ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

“ခရိုင်စီမံခန့်ခွဲမှုကော်မတီရုံးမှာ အစည်းအဝေးလုပ်ပြီး ဘယ်နေရာမှာ ဂိတ်ထားရင် အဆင်ပြေမလဲဆိုပြီး နေရာသွားကြည့်ကြတယ်၊ ထားရှိမယ့်ဂိတ်တွေအတွက် မ​နေ့ကပဲ စဆောက်နေပြီ၊ စပြင်ဆင်နေပြီ၊ စားသောက်ကုန် အပါအ၀င် ကုန်စည်ပို့ဆောင်ရေးလုပ်မယ့်ကားတွေရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို အောက်တိုဘာ ၉ ရက်လောက်ကနေစပြီး စစ်ဆေးရေးဂိတ်တွေမှာ စစစ်ဆေးပေးနိုင်ဖို့ လျာထားတယ်”ဟု အဆိုပါကော်မတီ၏ အဖွဲ့၀င်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

ကလေးမြို့အ၀င် လမ်းကြောင်းများဖြစ်သော ကလေး-ဂန့်ဂေါလမ်းပိုင်းရှိ ချောင်းခွရွာနှင့် ငဖားရွာကြားတွင်တစ်ဂိတ်၊ ဖလမ်း-ကလေးလမ်းပိုင်းရှိ ရေစိုကျေးရွာနှင့် ဟားခါးလေးကျေးရွာအကြားတွင် တစ်ဂိတ်နှင့် ချင်းတောင်ပေါ်အဆင်း စစ်ကိုင်းတိုင်းအ၀င် (ဒေသအခေါ် ၉ မိုင်)နေရာတွင် တစ်ဂိတ် စုစုပေါင်း စစ်ဆေးရေးဂိတ်သုံးဂိတ် ထားရှိသွားမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လ၀က၊ နယ်မြေခံရဲ စသည့်ဌာနဆိုင်ရာများက ပူးပေါင်းကြပ်မတ်ကြမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“မြို့အ၀င် စစ်ဆေးရေးဂိတ်တွေမှာ တစ်ခါတည်း စစ်ဆေးပေးမှာဖြစ်တဲ့အတွက် စစ်ဆေးချိန်က သိပ်မကြာဘူး၊ ချက်ချင်း အဖြေသိရမယ်ပေါ့၊ တကယ်လို့ ပိုးမတွေ့ဘူးဆိုရင်တော့ မြို့ထဲတစ်ခါတည်း ၀င်ခွင့်ပေးမယ်၊ ပိုးတွေ့တယ် ဆိုရင်တော့ သက်ဆိုင်ရာ လူမှုကူညီရေးအသင်းကားတွေ လှမ်းခေါပြီး တိုင်းရင်းဆေးရုံကို ပို့ပေးပြီး ကုသပေးမယ်” ဟု အဆိုပါကော်မတီ၏ အဖွဲ့၀င်လည်းဖြစ်၊ ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ထပ်မံပြောဆိုသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် Covid-19 ပိုးရှိမရှိ စစ်ဆေးရာ၌ နိုင်ငံတော်က တရား၀င်သတ်မှတ်ထားသော စစ်ဆေးခ ကျပ် နှစ်​သောင်းကို စစ်ဆေးခံရမည့်သူက တရား၀င် ပေးဆောင်သွားရမည်ဖြစ်ပြီး သက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြန်မာ့စီးပွားရေးဘဏ်သို့ နေ့စဉ်ပေးသွင်းသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်သည်။

ကလေးမြို့တွင် ယနေ့အထိ Covid-19 ပိုးတွေ့ရှိထားသူ စုစုပေါင်း ၂၇ ဦး ရှိသည့်အနက် ​ခြောက်ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ပြန်လည်ဆင်းသွားပြီဖြစ်ကာ လက်ရှိ ကျန် ၂၁ ဦးမှာ ဆေးရုံတက်၍ ကုသနေဆဲဖြစ်သည်။ ထို့ပြင် ကလေးမြို့တွင်းမှ အခြားမြို့များသို့ ထွက်ခွာမည့် ကုန်တင်ကားမောင်းနှင်သူများနှင့် ယာဉ်နောက်လိုက်များကိုလည်း အောက်တိုဘာ ၇ ရက်(ယ​နေ့)မှစ၍ Covid-19 ရောဂါပိုးရှိမရှိ စတင်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် ၉ မိုင် ဂိတ် နေရာအား တွေ့ရစဉ်။ ဓါတ်ပုံ-ပြန်/ဆက်၊ က​လေးမြို့။

LEAVE A REPLY

Please enter your comment!
Please enter your name here