ကလေးမြို့သို့ လာရောက်သည့် ကုန်တင်ကားများကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လဲလှယ်ပြီးမှသာ မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုမည်

52

 

ကလေး၊ နိုဝင်ဘာ ၁၁

ကလေးမြို့သို့ လာရောက်မည့် ကုန်တင်ယာဉ်များကို မြို့တွင်းသို့ ချက်ချင်းပေးဝင်ခွင့်ပြုမည်မဟုတ်ဘဲ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လဲလှယ်ပြီးမှသာ မြို့တွင်းသို့ ဝင်ရောက်မောင်းနှင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ကလေးမြို့ကိုလာမယ့် ကုန်တင်ကားတွေကို အရင်လို မြို့နယ်အဝင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးပြီးသာနဲ့ တစ်ခါတည်း ပေးမဝင်တော့ပါဘူး၊ ဘယ်မြို့ကပဲဖြစ်ဖြစ် မောင်းလာတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို အထက-(၁) စာသင်ကျောင်းမှာ တစ်ခါတည်း Quarantine ဝင်ခိုင်းမယ်၊ ပြီးရင် အဲဒီကုန်ကားတွေကိုကျတော့ ကလေးမြို့ထဲက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ လဲလှယ်ပြီးမှပဲ ဝင်ခွင့်ပေးသွားမယ်၊ အဓိကကတော့ Covid-19 ပိုး ထိန်းချုပ်နိုင်အောင်လို့ပါ” ဟု အဆိုပါကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

ရန်ကုန်၊ မန္တလေး စသည့် Covid-19 ပိုးတွေ့ရှိမှုများသည့်မြို့များမှ လာရောက်သော မည်သည့် ကုန်တင်ယာဉ်မဆို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လဲလှယ်ပြီးမှသာ ကလေးမြို့တွင်းသို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး Quarantine Center များ၌ ထားရှိသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ကလေးမြို့မှ ပြန်လည်ထွက်ခွာချိန်ရောက်ရှိမှသာ Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးပေးလိုက်မည်ဖြစ်ကြောင်း၊ ထို့ပြင် အခြားမြို့များမှ ရောက်ရှိလာသော ကုန်တင်ယာဉ်များကို ယာဉ်မောင်း၊ ယာဉ်နောက်လိုက် လဲလှယ်ပြီးပါကလည်း မြို့တွင်းသို့ ကုန်ပစ္စည်းများ လိုက်လံပို့ဆောင်လိုပါက အဆိုပါယာဉ်အား ပိုးသတ်ဆေးဖျန်းပြီးမှသာ သွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထပ်မံသိရသည်။

“တခြားမြို့ကနေ ရောက်လာတဲ့ ကုန်တင်ယာဉ်ရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကိုတော့ စရောက်တာနဲ့ Quarantine ဝင်ခိုင်းမယ်၊ သူတို့ကား ကလေးမြို့ကနေ ပြန်ထွက်တော့မယ်ဆိုတာနဲ့ ပိုးရှိမရှိ Test Kit နဲ့ စစ်ဆေးပေးလိုက်မယ်၊ မြို့အဝင်မှာ လဲလှယ်မောင်းနှင်တဲ့စနစ်ကြောင့် ကုန်ဂိတ်တွေ၊ ယာဉ်ပိုင်ရှင်တွေအတွက် ကုန်ကျစရိတ်အနည်းငယ်ပိုလာနိုင်ပေမဲ့ အခုဟာ ကလေးမြို့မှာ ပိုးတွေ့လူနာ တအားတိုးနေတဲ့အတွက် ထိန်းချုပ်နိုင်အောင်လို့ အခုလိုစီမံရတာပါ၊ ဒီကြားကာလလေးမှာတော့ မြို့သူမြို့သားအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ ပြောချင်ပါတယ်” ဟု အဆိုပါကော်မတီ၏ အဖွဲ့ဝင်ဖြစ်သူ ဦးညီညီဇော်က ထပ်မံဆိုသည်။

ကလေးမြို့အဝင်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား လဲလှယ်မှသာ မြို့တွင်းသို့ ဝင်ရောက်မောင်းနှင်ခွင့်ပြုမည့်စနစ်ကို မြို့တွင်းရှိ ကုန်တင်ယာဉ်ပိုင်ရှင်များအနေဖြင့် ကန့်ကွက်မှုအချို့ရှိနေပြီး ယခုထက်ကောင်းမွန်သော စီမံမှုတစ်ခုကို လုပ်ဆောင်ပေးစေလိုကြောင်း ပြောဆိုမှုများလည်းရှိနေသည်။

“ကိုယ်မောင်းလာတဲ့ကားကို တခြားသူ သူစိမ်းလက်ထဲ ထည့်ပေးလိုက်ဖို့ဆိုတာက လုံးဝအဆင်မပြေတဲ့ကိစ္စပါ၊ တကယ်လို့များ ကားနဲ့ပတ်သက်တာ တစ်ခုခုဖြစ်သွားတာပဲဖြစ်ဖြစ်၊ ယာဉ်မတော်တဆဖြစ်သွားတာပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုခု ပျက်စီး ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ် အဲဒီလိုမျိုး မတော်တဆတစ်ခုခုဖြစ်သွားရင် ဘယ်သူ တာဝန်ယူမှာလဲ၊ ဖြစ်သင့်တာက ကုန်တင်ကားကြီးတွေအတွက် ယာယီရပ်နားကွင်းတစ်ခုလုပ်ပေးပြီး ကားသမားနဲ့ကားကို အဲဒီဝင်းဧရိယာထဲမှာထား၊ ပါလာတဲ့ကုန်ပစ္စည်းတွေ၊ ကုန်တွေကို ကုန်သည်က လာသယ်ပေးတယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ထင်တယ်” ဟု ၁၂ ဘီးယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကလေးမြို့ခံ ကိုဏီမင်းဦးက သုံးသပ်ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here