ကလေးမြို့လယ်ကောင်ရှိ ဥပုသ်ချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

183

 

ကလေး၊ နိုဝင်ဘာ ၂၃

ကလေးမြို့ မြို့လယ်ကောင်မှ စီးဆင်းလျက်ရှိသော ဥပုသ်ချောင်းသည် ယခုမိုးတွင်းကာလ၌ ကမ်းပါးပြိုမှုအချို့ရှိခဲ့သည့်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို မကြာမီ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကလေးမြို့ လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရသည်။

“ကလေးမြို့ ဥပုသ်ချောင်းက ကလေးမြို့အတွက် အဓိကအရေးပါတဲ့ ချောင်းဖြစ်လို့ မိုးတွင်းကာလ ရေများတဲ့အချိန်မှာ ကမ်းပါးပြိုတာတွေ ဖြစ်လေ့ရှိတာကြောင့် ကမ်းပါးအပြိုများတဲ့နေရာတွေကို ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိတယ်၊ မကြာမီလပိုင်းအတွင်း စတင်လုပ်ဆောင်နိုင်မယ်” ဟု ကလေးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောကြားသည်။

ဥပုသ်ချောင်းရေသည် ကလေးမြို့အနောက်ခြမ်းမှတစ်ဆင့် စီးဆင်းလာပြီး မြို့ထဲတွင် ဗိုလ်ချုပ်လမ်းနှင့် ပင်လုံလမ်းမတော်ကြားမှတစ်ဆင့် ဖြတ်သန်းစီးဆင်းသွားကာ မိုးတွင်းကာလ ကမ်းပါးပြိုမှုများနှင့် တံတားပေါင်ရေတိုက်စားမှုများဖြစ်ပေါ်လေ့ရှိတိုင်း နေအိမ်များ ပဲ့ပါခြင်း၊ လမ်းနေရာများ ပဲ့ပါခြင်းတို့ ဖြစ်ပေါ်လေ့ရှိကာ မိုးရွာသွန်းမှုများသည့် နှစ်များတွင် ဥပုသ်ချောင်းပေါ်၌ တည်ဆောက်ထားသော တံတားအချို့ပါ ရေတိုက်စားပျက်စီးခဲ့မှုကြောင့် မြို့တွင်းသွားလာရေးပါ ယာယီပြတ်တောက်မှုရှိခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

“အရင်နှစ်တွေ မိုးရွာသွန်းမှုများတဲ့အချိန်တွေမှာဆို ဥပုသ်ချောင်းရေများပြီး ရေတိုက်စားလို့ နေအိမ် အလုံးလိုက်ပါသွားတာတွေ၊ ဥပုသ်ချောင်းပေါ် ကန့်လန့်ဖြတ်တည်ဆောက်ပေးထားတဲ့ တံတားတွေ ရေတိုက်စားပြီး တံတားနိမ့်သွားတာတွေ ဖြစ်ခဲ့ဖူးတယ်၊ အဓိကကတော့ ဥပုသ်ချောင်းကူးတံတားတွေရှိတဲ့နားတစ်ဝိုက်နဲ့ တချို့ ရေလမ်းကြောင်းအကွေ့နေရာတွေမှာ ကမ်းပါးထိန်းနံရံတွေ သေချာဆောက်ပေးစေချင်တယ်” ဟု ကလေးမြို့ခံတစ်ဦးဖြစ်သူ ဦးမျိုးသိန်းက ဆိုသည်။

ဥပုသ်ချောင်းသည် ယခင်နှစ်များက တိမ်ကောမှုဖြစ်ပေါ်ခဲ့သည့်အတွက် ရေလမ်းကြောင်းကောင်းမွန်မှုရှိစေရန် ပြန်လည်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရဖူးပြီး ယခုအခါ ဆိပ်ကမ်းသာတံတားအနီး ချောင်းဘေးဝဲယာတွင် သက်ဆိုင်ရာဌာနများပူးပေါင်းကာ ထိုင်ခုံများထားရှိ၍လည်းကောင်း၊ လျှပ်စစ်မီးများ ထွန်းပေး၍လည်းကောင်း၊ သစ်ပင်များစိုက်ပျိုး၍ လည်းကောင်း လာရောက်လည်ပတ်စရာတစ်ခုအဖြစ် ရရှိစေရန် ဖန်တီးပေးထားသည်ကို တွေ့ရသည်။

မြို့တွင်းလည်ပတ်စရာ နည်းပါးလှသော ကလေးမြို့တွင် ဆိပ်ကမ်းသာတံတားအနီး လည်ပတ်စရာနေရာအဖြစ် ဖန်တီးပေးထားမှုအပြင် ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်သင့်ပြီး ဥပုသ်ချောင်းတစ်လျှောက် အခြားသော လည်ပတ်စရာနေရာများ ရရှိရန်ပါ ဖော်ထုတ်ပေးသင့်ကြောင်း ကလေးမြို့ခံအချို့က သုံးသပ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဥပုသ်ချောင်း ရေလမ်းကြောင်း တူးဖော်မှုများ လုပ်ဆောင်နေသည်ကို ယခင်နှစ်များက တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here