ကလေးမြို့မှ အခြားမြို့များသို့ သွားလာပြေးဆွဲမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် Covid-19 ရောဂါပိုးရှိ၊မရှိ အောက်တိုဘာ ၇ ရက်မှ စတင်စစ်ဆေးပေးမည်

293

က​လေး၊ ​အောက်တိုဘာ ၄

ကလေးမြို့မှ မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် စသော အခြားမြို့များသို့ သွားလာပြေးဆွဲကြမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် Covid-19 ​ရောဂါပိုးရှိမရှိ စစ်ဆေးလိုပါက အောက်တိုဘာ ၇ ရက်မှစ၍ အထက-၁ စာသင်ကျောင်း၌ စတင်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ရောဂါအရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

“ကလေးမြို့မှာရှိနေတဲ့ ကုန်တင်ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်​တွေအနေနဲ့ တခြားတိုင်းနဲ့ပြည်နယ်က မြို့တွေသွားလာမယ်ဆိုရင် Covid-19 ပိုးမရှိကြောင်း ထောက်ခံစာလိုတဲ့အတွက် ပိုးရှိမရှိ စစ်ချင်တယ်ဆိုရင် ကျွန်တော်တို့ကော်မတီကို လာရောက်စာရင်းပေးဖို့ လိုပါမယ်၊ စာရင်းပေးပြီးတာနဲ့ အလှည့်ကျ တစ်ရက်ကို အယောက် သုံးဆယ်နှုန်း စစ်ဆေးပေးသွားမယ်၊ အောက်တိုဘာ ၇ ရက်ကစပြီး နေ့စဉ်စစ်ဆေးပေးသွားမှာပါ” ဟု အဆိုပါကော်မတီ၏ အဖွဲ့၀င်လည်းဖြစ်၊ ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

Covid-19 ပိုးရှိ/မရှိ စစ်ဆေးလိုသော ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အနေဖြင့် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားသော ကလေးမြို့နယ် Covid-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီထံသို့ စစ်ဆေးခံမည့်သူ၏ နာမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်၊ ကိုယ်ရေးအချက်အလက်နှင့် နေရပ်လိပ်စာ၊ မိမိမောင်းနှင်နေသည့် ကုန်တင်ယာဉ်ပိုင်ရှင်အမည်၊ ကုန်စည်ပို့ဆောင်ရေးဂိတ်အမည်တို့ပါ ကြိုတင်လာရောက် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ပတ်စ်ပို့ဓာတ်ပုံ နှစ်ပုံကိုပါ ယူဆောင်လာရမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“ပိုးမတွေ့ဘူးဆိုရင် Negative ဖြစ်ကြောင်း ထောက်ခံစာထုတ်ပေးမယ်၊ ဒါဆို သူတို့ တခြားမြို့တွေ သွားလာမောင်းနှင်တဲ့အခါ အဆင်ပြေမယ်ပေါ့” ဟု ကလေးမြို့နယ် Covid-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

ကလေးမြို့တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Covid-19 ရောဂါပိုးရှိမရှိ ကြိုတင်စစ်ဆေးပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Covid-19 Test Kit ခုရေ နှစ်ရာကို ပေးပို့ထားသည့်အတွက် အောက်တိုဘာ ၇ ရက်မှ စတင်စစ်ဆေးပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here