ကလေးမြို့မှ ချင်းတောင်ပေါ်တက်မည့် ကားများအား ကျန်းမာရေးထောက်ခံစာဖြင့် သွားလာခွင့်ပေးထားဟုဆို

152

 

ကလေး၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်သို့ သွားလာမည့် ကုန်စည်ပို့ဆောင်ရေးကားများအား ကျန်းမာရေးထောက်ခံစာဖြင့် သွားလာခွင့်ပေးထားကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက)မှ သိရသည်။

“လောလောဆယ်မှာတော့ ကလေးမြို့ကနေ ချင်းတောင်ပေါ်တက်မယ့်ကားတွေကို ကျန်းမာရေးထောက်ခံချက်နဲ့ သွားခွင့်ပေးထားတယ်၊ အဓိကကတော့ ကလေးမြို့နဲ့ ချင်းတောင်ပေါ်က တိုင်းနဲ့ပြည်နယ် ခြားနေတယ်ဆိုပေမဲ့ မြိ့ချင်း၊ နယ်နိမိတ်ချင်းက ကပ်လျက် ထိစပ်နေတော့ သူတို့ကို ကျန်းမာရေးထောက်ခံချက်နဲ့ သွားလာခွင့်ပေးထားတာပါ” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးစိုးဝင်းက ပြောကြားသည်။

ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ဟားခါး စသော မြို့များသို့ သွားရောက်မည့် ကုန်စည်ပို့ဆောင်ရေးကားများကို ပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးထောက်ခံချက် ထုတ်ပေးလျက်ရှိပြီး ချင်းပြည်နယ်အဝင် ၉ မိုင်ဂိတ်တွင် သွားလာမည့်မော်တော်ယာဉ်နံပါတ်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၏အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ စသည်တို့ကို ကောက်ယူ၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း စသည့် ကျန်းမာရေးဌာန လမ်းညွှန်ချက်နှင့်ညီမညီ စစ်ဆေးနေကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“ချင်းတောင်ပေါ်တက်မယ့်ကားတွေကို ကျန်းမာရေးဌာန ထောက်ခံချက်နဲ့ပဲ သွားလာခွင့်ပြုထားတာဖြစ်တဲ့အတွက် သူတို့ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း သေချာလိုက်နာကြဖို့ စစ်ဆေးရေးဂိတ်တွေမှာ နေ့စဉ်မှာကြားနေတယ်” ဟု ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ (မစက) ဥက္ကဌ ဦးစိုးဝင်းက ထပ်မံဆိုသည်။

Covid-19 ကပ်ရောဂါကြောင့် ကလေးမြို့နှင့် ချင်းပြည်နယ်အတွင်း တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ရိဒ် စသော မြို့များသို့ ပြေးဆွဲသော ယာဉ်လိုင်းများအား ပိတ်ပင်ထားခြင်းမရှိသော်လည်း ခရီးသည်လိုက်ပါသူမရှိသဖြင့် ယာဉ်အသင်းများမှာ ကိုယ့်အစီအစဉ်နှင့်ကိုယ် ယာယီရပ်နားထားကြပြီး ကုန်စည်စီးဆင်းမှုအတွက် မဖြစ်မနေ သွားလာကြမည့် ကုန်တင်ကားများသာ သွားလာမှုရှိကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

ကလေးမြို့ပေါ်တွင် သွားလာလျက်ရှိသော ကုန်တင်ကား ဒရိုင်ဘာများ၊ ယာဉ်နောက်လိုက်များနှင့် ကုန်တင်/ကုန်ချအလုပ်သမားများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ဆက်စပ်သည့် သဲတင်၊ ကျောက်တင်ကားများ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကိုလည်း အပြင်ထွက်တိုင်း Mask တပ်ကြရန်၊ မကြာခဏလက်ဆေးကြရန်နှင့် လိုက်နာမှုမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ (မစက)က ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here