ကလေးမြို့မှထွက်ခွာမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Covid-19 ပိုးရှိမရှိ မြို့အထွက်ဂိတ်များတွင်သာ စစ်ဆေးပေးတော့မည်ဖြစ်ပြီး စစ်ဆေးခ ကျပ်တစ်သောင်း လျှော့ချ​ပေး

156

 

က​လေး၊ ​အောက်တိုဘာ ၁၃

ကလေးမြို့မှ မုံရွာ၊ မန္တလေး၊ ရန်ကုန် စသည့် အခြားမြို့များသို့ ထွက်ခွာမည့် ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား Covid-19 ပိုးရှိမရှိ စစ်ဆေးမှုကို အထက(၁)ကျောင်း၀င်းအတွင်း၌ စစ်ဆေးပေးတော့မည်မဟုတ်ဘဲ မြို့အထွက် စစ်ဆေးရေးဂိတ်များတွင်သာ လာမည့်အောက်တိုဘာ ၁၄ ရက်မှ စတင်စစ်ဆေးပေးသွားမည်ဖြစ်ပြီး ပိုးရှိမရှိစစ်ဆေးခကိုလည်း ကျပ်တစ်သောင်းသာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“Covid-19 ပိုးရှိမရှိ စစ်ဆေးချင်တဲ့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအနေနဲ့ အရင်ကတော့ Covid-19 ပိုးရှိမရှိ စစ်ဆေးချင်တယ်ဆိုရင် ကျွန်တော်တို့ကော်မတီမှာ ကြိုလျှောက်ရတယ်၊ ပြီးတော့ နောက်ရက် အထက(၁) ကျောင်း၀င်းထဲမှာ စစ်ဆေးပေးတယ်၊ အခုကျတော့ အဲဒီလိုကြိုလျှောက်စရာမလိုတော့ဘဲနဲ့ ကားထွက်ရင်းနဲ့ အထွက်စစ်ဆေးရေးဂိတ်မှာ ၀င်စစ်လိုက်ရုံပဲ၊ စစ်ဆေးခကိုလည်း အရင်က ကျပ် နှစ်သောင်း သတ်မှတ်ခဲ့ပေမဲ့ ဒီနေ့ပဲ တိုင်းအစိုးရအဖွဲ့ကနေ ညွှန်ကြားလာတဲ့အတွက် ကျပ်တစ်သောင်းပဲ ဆောင်ရတော့မယ်” ဟု အဆိုပါကော်မတီ၏ အဖွဲ့၀င်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

အောက်တိုဘာ ၁၄ ရက်မှစတင်၍ ထိုသို့ မြို့အထွက်ဂိတ်များတွင် ပြောင်းလဲစစ်ဆေးခြင်းဖြင့် ကလေးမြို့မှ အမှန်တကယ်ထွက်ခွာမည့် ကုန်စည်ပို့ဆောင်ရေးကားများ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသာ စစ်ဆေးပေးရတော့မည်ဖြစ်ကာ Covid-19 ပိုးမရှိကြောင်း (Negative ဖြစ်ကြောင်း) ထောက်ခံစာကို ထုတ်ပေးလိုက်မည်ဖြစ်သဖြင့် အခြားမြို့များသို့ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“အရင်ကတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက ကားမထွက်ခင် ရက်ကြိုတင်စစ်ဆေးကြတော့ စုပြုံသလိုဖြစ်နေတယ်၊ အခု မြို့အထွက် စစ်ဆေးရေးဂိတ်တွေမှာပဲ စစ်ဆေးပေးတော့မှာဖြစ်တဲ့အတွက် အမှန်တကယ်ထွက်မယ့်ကားတွေပဲ စစ်ဆေးပေးသွားမှာပေါ့နော်၊ အဲဒီလိုစစ်ဆေးပေးတဲ့အခါမှာလည်း တစ်ရက်ကို ၃၅ ယောက်အထိပဲ စစ်ဆေးပေးဖို့ ကန့်သတ်ထားတယ်” ဟု ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ ဥက္ကဌ ဦးစိုး၀င်းက ဆိုသည်။

ကလေးမြို့တွင် မြို့အ၀င်/အထွက်ဂိတ်များကို အောင်ချမ်းသာကျေးရွာနှင့် ငဖားကျေးရွာကြားတွင်တစ်ဂိတ်၊ ရေစိုနှင့် ဟားခါးလေးကြားတွင်တစ်ဂိတ်၊ ကလေး-ကလေး၀လမ်းရှိ ကလေးမြို့အထွက်နေရာတွင် တစ်ဂိတ် စုစုပေါင်း ဂိတ် သုံးဂိတ်၌ Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Test Kit အခု သုံးရာ ထပ်မံချပေးထားကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here