ကလေးမြို့ပြည်သူလူထု စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူထားသော Mobile Protective Chamber ကားကို ယနေ့ စတင် အသုံးပြု

101

 

ကလေး၊ အောက်တိုဘာ ၁၄

ကလေးမြို့ ပြည်သူလူထု စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူထားသော Covid-19 Swab နမူနာရယူရာတွင် အသုံးပြုရန် Mobile Protective Chamber ကားကို ယနေ့ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ကလေးမြို့ Volunteer အဖွဲ့မှ သိရသည်။

“ကျွန်တော်တို့မြို့မှာ Covid-19 ပိုးတွေ့လူနာလည်း များနေတဲ့အတွက် Quarantine ဝင်နေတဲ့သူတွေပဲဖြစ်ဖြစ်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေပဲဖြစ်ဖြစ် Covid-19 ပိုးရှိမရှိ အရေးပေါ်စစ်ဆေးချင်တာရှိရင် စစ်ဆေးလို့ရအောင်လို့ အခုလို ဝယ်လိုက်တာပါ၊ ကားလိုအပ်ချက်ရှိလို့ ကားဝယ်ဖို့ အလှူလိုက်ခံမယ်ဆိုပြီး သတင်းလွှင့်လိုက်တဲ့အချိန်မှာပဲ ကလေးမြို့က ပြည်သူအများစု ဝိုင်းလှူပေးကြတယ်၊ အားလုံး အယောက် ခုနစ်ဆယ်လောက်ရှိတယ်၊ အလှူငွေရရှိတာလည်း များတဲ့အတွက် အခု ကားတစ်စီး ဝယ်ပြီးလို့ ဒီနေ့ပဲ စအသုံးပြုတယ်”ဟု ကလေးမြိ့ Volunteer အဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမင်းနိုင်စိုးက ပြောကြားသည်။

Covid-19 တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုမည့် Mobile Protective Chamber ကားကို ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် Volunteer အဖွဲ့သားများနှင့် လူမှုရေးလုပ်ကိုင်သူအချို့က အလှူငွေလက်ခံပေးခဲ့ကြပြီး ကလေးမြို့ ပြည်သူလူထု စုပေါင်းထည့်ဝင် လှူဒါန်းငွေဖြင့် ယခုကားတစ်စီး စတင်ဝယ်ယူခြင်းဖြစ်ကာ အလှူငွေပိုနေသေးသည့်အတွက် ယခုရက်ပိုင်းအတွင်း Mobile Protective Chamber ကားတစ်စီး ထပ်မံဝယ်ယူသွားဦးမည်ဖြစ်ကြောင်း ကလေးမြို့ Volunteer အဖွဲ့မှ ထပ်မံသိရသည်။

“Mobile Protective Chamber ကားရှိတာ တအားအဆင်ပြေတယ်၊ ဒီကနေ့ဆိုရင် မြို့အထွက် ကလေး-ကလေးဝလမ်းဘေးက စစ်ဆေးရေးဂိတ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၂၁ ဦးကို Swab နမူနာ ယူပေးဖြစ်တယ်၊ ယူပေးပြီးတာနဲ့ အဲဒီကားက ချက်ချင်းပဲ မြောက်စည်းရွာဘက်ကို Swab နမူနာတွေ သွားရောက်ယူပေးနိုင်တယ်၊ ကလေးမြို့ မြောက်ဘက်နဲ့ တောင်ဘက်ကို ချက်ချင်းသွားလာပေးနိုင်၊ လုပ်ဆောင်ပေးနိုင်တော့ မြို့အတွက် အများကြီးအထောက်အကူရတာပေါ့၊ အခုဆို အလှူငွေက ပိုနေသေးတဲ့အတွက် Mobile Protective Chamber နောက်တစ်စီး ထပ်ဝယ်ဖို့ လုပ်နေတယ်” ဟု အဆိုပါအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမင်းနိုင်စိုးက ထပ်မံဆိုသည်။

ကလေးမြို့ရှိ Facility Quarantine စင်တာများတွင် Quarantine ဝင်ရောက်နေသူများအား Covid-19 ပိုးရှိမရှိ စစ်ဆေးထားသော Swab နမူနာများကို မန္တလေးမြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ရာတွင် ပြင်ပကားများ၊ သို့မဟုတ် လူမှုကူညီရေးအသင်းကားများကို ငှားရမ်းရလေ့ရှိပြီး ယခုကဲ့သို့ မြို့လူထု စုပေါင်းထည့်ဝင်လှူဒါန်းငွေဖြင့် Mobile Protective Chamber ကားများဝယ်ယူ ထားရှိနိုင်ခြင်းကြောင့် Swab နမူနာများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပို့ဆောင်ရာတွင်ပါ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတျပုံ- Kalay Volunteer အဖွဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here