ကလေးမြို့နယ် ဒိုးဝိုင်းချောင်း-မင်းလှ-ရာဇဂြိုလ် ကျေးလက်ဖွံ့ဖြိုးရေးလမ်းပိုင်းရှိ လမ်း၊ တံတားများတည်ဆောက်မှု ပြီးစီး

263

 

က​လေး၊ စက်တင်ဘာ ၂၇

ဂျာမနီ-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် ကလေးမြို့နယ် ကျေးရွာချင်းဆက်လမ်းများဖြစ်သော ဒိုးဝိုင်းချောင်း-မင်းလှ-ရာဇဂြိုလ် ကျေးလက်ဖွံ့ဖြိုးရေးလမ်းပိုင်းရှိ လမ်းအရှည် စုစုပေါင်း ၄၁ ဒသမ ၄ ကီလိုမီတာ၊ သံကူကွန်ကရစ်တံတား နှစ်စင်းနှင့် သံကူကွန်ကရစ်ရေကျော် နှစ်စင်းတို့ တည်ဆောက်မှုမှာ ယခုအခါ ပြီးစီးသွားပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီးဌာနမှ သိရသည်။

“ဒိုးဝိုင်းချောင်း-မင်းလှ-ရာဇဂြိုလ်လမ်းက ၂၀၁၅ ခုနှစ် မိုးရာသီရေကြီးရေလျှံမှု ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့အချိန်မှာ ရေတိုက်စားမှုတွေကြောင့် ဆည်ကြီးချောင်း၊ နတ်တံခါးချောင်း၊ နတ်မြောင်းချောင်း၊ မှန်လုံချောင်း စတဲ့ချောင်းတွေရဲ့တံတားတွေ ပျက်စီးခဲ့ရတယ်၊ လမ်းပိုင်းတွေဆိုလည်း ရေကျော်ပြီး ရွှံ့နွံတွေ ဖုံးလွှမ်းလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တယ်၊ အခုဆို ကျေးလက်လမ်းများပြန်လည်ထူထောင်ရေးအစီအစဉ်နဲ့ ဂျာမနီနိုင်ငံ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်က အဲဒီလမ်းပိုင်းအတွက် အကုန်အကျခံ ကူညီပေးတယ်ပေါ့၊ ဒါကြောင့် ဂျာမနီအစိုးရနဲ့ ဂျာမနီနိုင်ငံသားတွေကို အထူးကျေးဇူးတင်မိတယ်၊ ပြီးတော့ ကလေးမြို့နယ်က ဒေသခံတွေကိုလည်း အထူးကျေးဇူးတင်မိသလို အခုဆိုရင် ဒိုးဝိုင်းချောင်း-မင်းလှ-ရာဇဂြိုလ်လမ်းပိုင်းက လမ်းနဲ့တံတားတွေက တအားကောင်းမွန်တဲ့လမ်းအဖြစ် မြင်တွေ့နေရပါပြီ” ဟု အဆိုပါ၀န်ကြီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၅ ခုနှစ်က ရေကြီးရေလျှံမှုကြောင့် ဆိုးရွားစွာပျက်စီးခဲ့သော ကလေးမြို့နယ် ဒိုးဝိုင်းချောင်း-မင်းလှ-ရာဇဂြိုလ်လမ်းပိုင်းကို ဂျာမနီနိုင်ငံ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KFW) မှ ယူရိုငွေ ၁၀ သန်းအား ကျေးလက် လမ်း၊ တံတားများ ပြန်လည်ထူထောင်ရန် ထောက်ပံ့ပေးခြင်းဖြစ်ပြီး လမ်းအရှည်စုစုပေါင်း ၄၁ ဒသမ ၄ ကီလိုမီတာ၊ သံကူကွန်ကရစ်တံတား နှစ်စင်းနှင့် သံကူကွန်ကရစ်ရေကျော် နှစ်စင်းတို့ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ စီမံကိန်းတစ်ခုလုံး ပြီးစီးသွားပြီဖြစ်သဖြင့် ကလေးမြို့နယ်ပတ်၀န်းကျင် ကျေးရွာ ၂၂ ရွာမှ အိမ်ခြေ ၆,၃၈၁ အိမ်၊ လူဦးရေ ၄၄,၅၂၆ ဦးတို့တွင် တိုက်ရိုက် အကျိုးခံစားလာရသည့်အပြင် ချင်းပြည်နယ်နှင့်ဆက်စပ်နေသည့်အတွက် ချင်းပြည်နယ် ဖလမ်း၊ တွန်းဇံ၊ တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာနှင့် အိမ်ခြေ ၂၀၂၀၊ လူဦးရေ ၁၀,၅၄၉ ဦးအတွက်ပါ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်အထောက်အကူပြုနေပြီဖြစ်ကြောင်း အဆိုပါ၀န်ကြီးဌာနမှ ထပ်မံသိရသည်။

“ဒီစီမံကိန်းရဲ့ထူးခြားတဲ့အချက်က တံတားအရှည် မီတာ ၁၃၀ နဲ့ ၁၅၀ သံကူကွန်ကရစ်တံတား နှစ်စင်း ဆောက်လုပ်ဖို့အတွက်တင်မက LWCC လို့ခေါ်တဲ့ Low
Water Crossing Multi Cell Culvert အရှည် မီတာ ၂၁၀ နဲ့ ၁၁၉ မီတာ
နှစ်စင်းပါ ဆောက်လုပ်ခဲ့တယ်၊ ဂျာမနီနိုင်ငံက နည်းပညာအကြံပေး​တွေရဲ့ဒီဇိုင်းနဲ့ ဆောင်ရွက်ခဲ့တာလည်းဖြစ်တယ်” ဟု ဆောက်လုပ်ရေး၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုထားသည်။

ယခင်က ကလေးမြို့မှ ရာဇဂြိုလ်ကျေးရွာ (ရှေးခေတ်ကအခေါ် ရာဇဂြိုလ်မြို့)သို့ သွားရောက်လိုပါက ကလေး-တမူးလမ်းမကြီးမှတစ်ဆင့် အားထားသွားလာခဲ့ရပြီး တံတားများ ကောင်းမွန်မှုမရှိသည့်အတွက် ခရီးကြန့်ကြာနှောင့်နှေးခဲ့ရသည်။ ယခုအခါ ကလေးမြို့မှ ရာဇဂြိုလ်သို့ သွားလိုပါက ဒိုးဝိုင်းချောင်း-မင်းလှ- ရာဇဂြိုလ်လမ်းအတိုင်း မြန်မြန်ဆန်ဆန် သွားလာနိုင်ပြီဖြစ်သည့်အတွက် ဒေသတွင်းကုန်သွယ်မှုမှာ ပိုမိုတိုးတက်လာတော့မည်ဖြစ်ကြောင်း အဆိုပါဒေသခံများက တညီတညွတ်တည်း ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here