ကလေးမြို့နယ် ထိုမာကျေးရွာအနီး စစ်ဆေးရေးဂိတ်တစ်ခု တိုးချဲ့မည်

68

 

ကလေး၊ နိုဝင်ဘာ ၁၂

ကလေးမြို့နယ်တွင် Covid-19 ပိုးတွေ့ရှိသူ ပိုမိုများပြားလာသဖြင့် ကုန်တင်ယာဉ်များကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လဲလှယ်ကျင့်သုံးစေမည်ဖြစ်၍ ထိုသို့လဲလှယ်ရာတွင် မြန်ဆန်မှုရှိစေရန် ထိုမာကျေးရွာအနီး၌ စစ်ဆေးရေးဂိတ်တစ်ခု တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ကုန်တင်ယာဉ်တွေကို မြို့နယ်အဝင် စစ်ဆေးရေးဂိတ်မှာ ရပ်ခိုင်းထားပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက် လဲလှယ်စေတယ်ဆိုရင် မြို့ထဲနဲ့ အလှမ်းဝေးတော့ ကြန့်ကြာနိုင်တယ်ပေါ့၊ ဒါကြောင့် ကုန်တင်ကားတွေကို ပထမစစ်ဆေးရေးဂိတ်မှာ စစ်ဆေးပြီးတာနဲ့ လွှတ်ပေးလိုက်မယ်၊ ပြီးမှ ထိုမာကျေးရွာ နည်းပညာတက္ကသိုလ်မရောက်ခင် လယ်ကွင်းပြင်တွေရှိတယ်၊ အဲဒီနားတစ်ဝိုက်မှာ ကုန်တင်ကားတွေကို ရပ်ခိုင်းလိုက်မယ်ဆိုရင် မြို့ထဲနဲ့နီးတော့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် လဲလှယ်တဲ့အခါ ခရီးမြန်ဆန်သွားမယ်ပေါ့၊ ဒါကြောင့် ထိုမာကျေးရွာနားမှာ စစ်ဆေးရေးဂိတ်တစ်ခုကို ဒီရက်ပိုင်းပဲ တိုးချဲ့ဖွင့်လှစ်သွားမယ်” ဟု အဆိုပါကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

ကလေးမြို့တွင် Covid-19 ရောဂါပိုး ကူးစက်မှုလျော့နည်းစေရန် ရန်ကုန်၊ မန္တလေး စသည့် အခြားမြို့များမှ လာရောက်သည့် မည်သည့်ယာဉ်မဆို ထိုမာကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုခံယူ၍ ခေတ္တရပ်စောင့်ရမည်ဖြစ်ကာ ကလေးမြို့တွင်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် လဲလှယ်စေပြီးမှသာ မောင်းနှင်လာသည့်ကုန်တင်ယာဉ်ကို မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“အခုတလောဖြစ်လာတဲ့ ပြဿနာက ကုန်ကားသမားတွေ ဖြစ်နေလို့ပါ၊ ကိုယ့်မြို့က ကားသမားတွေ တခြားမြို့တွေမှာ စစ်လိုက်တဲ့အခါ ပိုးတွေ့တာတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပါတယ်၊ တပ်ဦးသီတာရပ်ကွက်ထဲက ပိုးတွေ့လူနာတချို့ဆိုရင်လည်း စဖြစ်တာက ကုန်ကားသမားတွေကနေ စဖြစ်ခဲ့တာပါ၊ ဒါကို ဒီအတိုင်းပစ်ထားမလား၊ ဒီအတိုင်းထိုင်ကြည့်နေမလား ဘယ်လိုတားဆီးနိုင်မလဲ စတဲ့ ဘယ်လိုပိုကောင်းမလဲလို့ စဉ်းစားကြရပါတယ်၊ အဲဒီထဲမှာမှ အဆင်ပြေစေနိုင်မယ့်နည်းကို လောလောဆယ် ရွေးချယ်လုပ်ကိုင်နေတာပါ၊ အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု အဆိုပါကော်မတီ၏ လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ပေးနေသူ ဦးတင်ထွန်းဝင်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ကလေးမြို့သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား Covid-19 ရောဂါပိုးနှင့်ပတ်သက်၍ စစ်ဆေးနိုင်ရန်နှင့် နေရပ်လိပ်စာများ၊ ကျန်းမာရေးထောက်ခံစာပါမပါ စသည့် ထောက်ခံချက်များ ကောက်ယူနိုင်ရန် ကလေးမြို့နယ် အဝင်/အထွက်နေရာများဖြစ်သော အောင်ချမ်းသာကျေးရွာနှင့် ငဖားကျေးရွာကြားတွင် တစ်ဂိတ်၊ ကလေး-ကလေးဝလမ်းရှိ ကလေးမြို့အထွက်နေရာတွင် တစ်ဂိတ်၊ ချင်းပြည်နယ် အဝင်၊ စစ်ကိုင်းတိုင်းအဆုံး ၈ မိုင်နေရာတွင် တစ်ဂိတ် စုစုပေါင်း ဂိတ်သုံးဂိတ်ထားရှိခဲ့ရာမှ ယခုအခါ ထိုမာကျေးရွာအနီး စစ်ဆေးရေးဂိတ်တစ်ဂိတ် ထပ်မံတိုးချဲ့လိုက်ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ကလေး-ကလေးဝလမ်းဘေးရှိ Covid-19 စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်။
ဓာတ်ပုံ-Kalay Volunteer

LEAVE A REPLY

Please enter your comment!
Please enter your name here