ကလေးမြို့နယ်အတွင်းသို့ စစ်ဆေးရေးဂိတ်မရောက်မီ ခိုးဝင်မှုများရှိနေသဖြင့် မြို့နယ်အတွင်း ဝင်ထွက်ခွင့်ကတ်ပြားများ စတင်ထုတ်ပေးနေဟုဆို

81

ကလေး-ကျီကုန်း လမ်းဘေးတွင် ဖွင့်လှစ်ထားသော ကလေးမြို့အဝင် စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။

ကလေး၊ အောက်တိုဘာ ၁၇

ကလေးမြို့နယ်အတွင်းသို့ မြို့ဝင်စစ်ဆေးရေးဂိတ်များမရောက်မီ လမ်းလျှောက်၍လည်းကောင်း၊ ကြို/ပို့ဆိုင်ကယ်များဖြင့်လည်းကောင်း ခိုးဝင်မှုများရှိနေကြောင်း တိုင်ကြားမှုများရှိနေသဖြင့် မြို့နယ်အတွင်း ဝင်ထွက်သွားလာခွင့်ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာအလိုက် အောက်တိုဘာ ၁၅ ရက်မှစ၍ စတင်ထုတ်ပေးနေကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ဒီလ ၁၅ ရက်က အောင်သစ္စာရပ်ကွက်ထဲမှာတွေ့တဲ့ Covid-19 ပိုးတွေ့လူနာနဲ့ ၁၆ ရက်မှာတွေ့ရတဲ့ ပိုးတွေ့လူနာတွေက ခရီးသွားရာဇဝင် မရှိဘူး၊ ကလေးမြို့အတွင်း တွေ့ရှိခဲ့တဲ့ Covid-19 Positive လူနာတွေနဲ့လည်း ထိတွေ့မှုမရှိဘဲ မြို့နယ်အတွင်း ရောဂါကူးစက်ခံရတယ်လို့ ယူဆရတယ်၊ ပြီးတော့ မြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာလည်း သေချာ ကြပ်ကြပ်မတ်မတ်စစ်ဆေးနေပေမဲ့ စစ်ဆေးရေးဂိတ်မရောက်မီ ဆင်းပြီး လမ်းလျှောက်ဝင်လာတာ၊ ကြို/ပို့ဆိုင်ကယ်တွေနဲ့ ဝင်လာတာ စတဲ့ ခိုးဝင်လာတာတွေရှိနေတယ်ဆိုပြီးလည်း ကျွန်တော်တို့ကော်မတီဆီ တိုင်ကြားထားတာတွေရှိတယ်၊ ဒါကြောင့် Covid-19 ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်အောင်ဆိုပြီး မြို့အဝင်/အထွက်လုပ်တာတွေကအစ ဝင်ထွက်ကတ်ပြားပါမှပဲ သွားလာခွင့်ပေးတော့မယ်” ဟု အဆိုပါကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

ကလေးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသည်တင်မော်တော်ယာဉ်များကို နတ်ချောင်း (ချောင်းခွ)ဂိတ်နှင့် ကျီကုန်းဂိတ်များတွင် အထူးကြပ်မတ်စစ်ဆေးလျက်ရှိသော်လည်း စည်းကမ်းမဲ့ပြည်သူအချို့က Stay at Home ဒေသအချို့မှ ပြန်လာပြီး စစ်ဆေးရေးဂိတ်မရောက်မီ ဆင်းပြီးလမ်းလျှောက်၍လည်းကောင်း၊ ကြို/ပို့ဆိုင်ကယ်များဖြင့်လည်းကောင်း ခိုးဝင်၍ Quarantine စင်တာသို့ မဝင်ဘဲ နေအိမ်သို့ တစ်ခါတည်း ဝင်ရောက်မှုများရှိနေကြောင်း၊ ထိုသို့ ဝင်ရောက်နေကြောင်း တိုင်ကြားမှုများလည်းရှိနေသည့်အတွက် ကလေးမြို့အတွင်းသို့ အဓိက ဝင်ထွက်ရာလမ်းကြောင်းများဖြစ်သည့် သာစည်ကျေးရွာအနီးနှင့် ဖောင်ကူးကျေးရွာအနီးတွင် စစ်ဆေးရေးဂိတ်များကို အောက်တိုဘာ ၁၅ ရက် ညနေပိုင်းမှစ၍ တိုးချဲ့ဖွင့်လှစ်ထားကာ ခရီးသွားမော်တော်ယာဉ်များသာမက ဆိုင်ကယ်များနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကိုပါ အထူးကြပ်မတ်စစ်ဆေးနေကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“အဓိကကတော့ ကလေးမြို့နယ်အတွင်းမှာ နေထိုင်တဲ့ မိဘပြည်သူတွေ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့၊ Covid-19 ရောဂါ မကူးစက်ဖို့ ဘက်ပေါင်းစုံကနေ စဉ်းစားပြီး နည်းလမ်းပေါင်းစုံနဲ့ တာဝန်ရှိတဲ့ဝန်ထမ်းတွေရော၊ Volunteer တွေရော နေ့ရောညပါ ဆောင်ရွက်ပေးနေတယ်၊ အခုဆိုလည်း ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ဝင်ထွက်ခွင့်ကတ်ပြားကို အခမဲ့ထုတ်ပေးနေတယ်၊ အပြင်ထွက်ရင် ဒီကတ်ပြား ယူဆောင်သွားရမယ်ပေါ့၊ ဒီကတ်ပြားပါမှပဲ ဘယ်ရပ်ကွက်ကလာတယ်၊ ဘယ်ရွာကလာတယ်ဆိုတာ သိနိုင်အောင်လို့ ရည်ရွယ်တယ်” ဟု ကလေးမြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးညီညီဇော်က ထပ်မံဆိုသည်။

ကလေးမြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာကြသည့် ပြည်သူများအနေဖြင့် စစ်ဆေးရေးဂိတ်များတွင် ဝင်ထွက်ခွင့်ကတ်ပြားပါမပါ စစ်ဆေးရာ၌ ကြည်ဖြူစွာခံယူပေးကြပါရန်နှင့် အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါက Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်/ ခရိုင် စီမံခန့်ခွဲမှုကော်မတီများထံ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အဆိုပါကော်မတီက အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here