ကလေးမြို့နယ်မှ သဲ၊ ကျောက်တင်ကားများ ခရိုင်ထောက်ခံစာပါရှိပါက ချင်းပြည်နယ်သို့ နေ့ချင်းပြန် သွားရောက်ခွင့်ပြု

181

 

ကလေး၊ ဇွန် ၁၂

ကလေးမြို့နယ်မှ သဲ၊ ကျောက်တင်ကားများ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာပါရှိပါက ချင်းပြည်နယ်သို့ နေ့ချင်းပြန်သွားရောက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက)မှ သိရသည်။

“Covid-19 ကာလ တားဆီးကာကွယ်ထိန်းချုပ်ရေးကာလတုန်းကတော့ ချင်းပြည်နယ်မှလာတဲ့ သဲ၊ ကျောက်တင်ကားတွေကိုလည်း ကလေးမြို့နယ်ထဲ ဝင်ခွင့်မပေးဘူး၊ ကလေးမြို့နယ်ထဲက သဲ၊ ကျောက်ကားတွေကိုလည်း ချင်းပြည်နယ်ထဲ သွားခွင့်မပေးဘူးပေါ့၊ အခုကျတော့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးရဲ့ ထောက်ခံစာပါတာနဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကြား နေ့ချင်းပြန် သွားလာခွင့်စပေးနေပါပြီ” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးစိုးဝင်းက ပြောကြားသည်။

ယခုအခါ ချင်းပြည်နယ်အတွင်း တီးတိန်၊ ဖလမ်း၊ ဟားခါး စသော မြို့နယ်အသီးသီးရှိ လမ်းလုပ်ငန်းများ၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများ၏ အခြေခံကုန်ပစ္စည်းများဖြစ်သည့် သဲ၊ ကျောက်များကို လုပ်ငန်းသုံးကားများဖြင့် ကလေးမြို့သို့ လာရောက်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ ထို့ပြင် ကလေးမြို့နယ်မှ သဲ၊ ကျောက်တင်ကားများသည်လည်း ချင်းပြည်နယ်အတွင်း ချင်းတောင်ခြေရှိ ချောင်းများမှ သဲနှင့် ကျောက်များ သွားရောက်သယ်ယူနိုင်ပြီဖြစ်ကာ ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီထံသို့ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရန် လိုအပ်မည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“ကလေးမြို့နယ်အဆုံးမှာ Covid-19 ရောဂါကာကွယ်ရေးအတွက် အဝင်အထွက်တွေကို ကြပ်မတ်တာတွေရှိနေသေးတဲ့အတွက် ကြိုတင်ခွင့်ပြုမိန့်တောင်းခံစေပြီး ထောက်ခံချက်ယူခိုင်းတာ၊ အရင် လုံးဝသွားလာခွင့်မပေးတာထက်စာရင် အခု သွားလာခွင့်ပြန်ရတော့ သဲတင်ကျောက်တင်ကားတွေ လုပ်ငန်းခွင်ပြန်ဝင်လို့ရတာပေါ့”ဟု ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက) ဥက္ကဌ ဦးစိုးဝင်းက ထပ်မံဆိုသည်။

ချင်းပြည်နယ်မှ သဲတင်၊ ကျောက်တင်ကားများ ကလေးမြို့နယ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်း၊ ကလေးမြို့နယ်မှ လုပ်ငန်းသုံးယာဉ်များအား ချင်းပြည်နယ်သို့ ဝင်ခွင့်မပေးခြင်းတို့ကြောင့် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်းက ချင်းပြည်နယ်မြှောက်ပိုင်းကို မှီခိုအားထားလုပ်ကိုင်နေကြသော လုပ်ငန်းအများစု ဂယက်ရိုက်ခဲ့ကာ ကားဒရိုင်ဘာများနှင့် စပယ်ယာများလည်း စားဝတ်နေရေးအခက်တွေ့သည်အထိ ကြုံခဲ့ရကြောင်း ကလေးမြို့ခံများထံမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here