ကလေးမြို့နယ်တွင် တစ်နှစ်ခွဲနီးပါးကာလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၆၁ ဦးရှိ

382

 

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယခု ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်းပိုင်းအထိ ယာဉ်တိုက်မှု ၁၄၀ မှု ဖြစ်ပွားခဲ့ပြီး ယင်းယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၆၁ ဦးရှိခဲ့ကြောင်း အမှတ် (၁၀၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

” ကလေးမြို့မှာ ယာဉ်တိုက်မှုအများဆုံးက မဆင်မခြင်မောင်းလို့၊ အရှိန်ပြင်းမောင်းနှင်လို့နဲ့ အရက်သေစာသောက်စားပြီးမောင်းနှင်လို့ အများဆုံးဖြစ်ကြတာ၊ တစ်နှစ်ခွဲနီးပါးကာလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင် ကားနဲ့ဆိုင်ကယ်တိုက်မှုထက် ဆိုင်ကယ်ချင်းတိုက်မှုကြောင့် ဒဏ်ရာရတာ သေဆုံးတာ ပိုများတယ်” ဟု အဆိုပါရုံးမှ ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်၍ဖြစ်စေ၊ ဆိုင်ကယ်ချင်းတိုက်၍ဖြစ်စေ၊ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်စေ စသော ယာဉ်မတော်တဆဖြစ်ပွားတိုင်း ဒဏ်ရာရမှုနှင့် အသက်သေဆုံးမှုမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်းနှင့် မဆင်မခြင်မောင်းခြင်းကြောင့်အဓိကဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်းပိုင်းအထိ တစ်နှစ်ခွဲနီးပါးကာလအတွင်း ယာဉ်တိုက်မှုစုစုပေါင်း ၁၄၀၊ ဒဏ်ရာရရှိသူ ၁၅၆ ဦးနှင့် သေဆုံးသူ ၆၁ ဦး ရှိခဲ့ကြောင်း၊ ကလေးမြို့တွင် ယာဉ်တိုက်မှုဖြစ်စဉ်များအနက် ဗိုလ်ချုပ်လမ်း၊ ကလေး၀လမ်း၊ ပင်လုံလမ်းမတော်နှင့် ဘုရင့်နောင်လမ်း(နတ်ချောင်းလမ်း)ပိုင်းတွင် အများဆုံးဖြစ်ပွားပြီး အခြားလမ်းပိုင်းများမှာ ဖြစ်ပွားမှုနည်းပါးကြောင်း အမှတ်(၁၀၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(ကလေး)မှ သိရသည်။

“ကလေးမြို့က ခရိုင်မြို့ဆိုတော့ ကလေး၀နဲ့ မင်းကင်းထက် ယာဉ်တိုက်မှုပိုဖြစ်တာ များတယ်၊ ပြီးတော့ ဖြစ်ရင်လည်း မနက် ၆ နာရီကနေ ညနေ ၅ နာရီကြားနဲ့ ည ၈နာရီကနေ ည ၁၂ နာရီကြား ပိုအဖြစ်များတယ်၊ ယာဉ်တိုက်မှုဖြစ်ရင် များသောအားဖြင့် အသက် နှစ်ဆယ် ၀န်းကျင်ကနေ ၅၅ နှစ်အောက် အရွယ်တွေများတယ်၊ ဆိုင်ကယ်မောင်းရင် သတိလေးနဲ့ ပုံမှန်နှုန်းထားလောက်ပဲ မောင်းစေချင်တယ်” ဟု အဆိုပါရုံးမှ ယာဉ်ထိန်းရဲတစ်ဦးက ထပ်မံဆိုသည်။

ကလေးမြို့တွင် ဆိုင်ကယ်မောင်းနှင်သူအချို့သည် အရှိန်ပြင်းမောင်းနှင်သည့်အပြင် တစ်ဖက်ယာဉ်ကြောကွေ့ရာ၌ နောက်ပြန်လှည့်မကြည့်ခြင်းနှင့် ရှေ့နောက်ဘေးဝဲယာ
ယာဉ်ရှင်းမရှင်း သေချာမကြည့်ဘဲ စည်းကမ်းမဲ့လမ်းဖြတ်ကူးမှုများကြောင့် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားလေ့ရှိပြီး ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်းကြောင့်လည်း အသက်သေဆုံးမှုများပြားကြောင်း ကလေးမြို့ခံများထံမှ စုံစမ်းသိရသည်။

“ကလေးမြို့မှာ ယာဉ်တိုက်မှုဖြစ်လိုက်ရင် များသောအားဖြင့် မြို့ခံတွေလည်း ပါသလို ကျေးလက်ဒေသကလူတွေ ပိုများတယ်၊ သူတို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိအားနည်းနေသေးတယ်၊ Covid-19 ရောဂါထိန်းချုပ်နိုင်သွားပြီးရင် အသိပညာပေးဟောပြောပွဲတွေရော လက်တွေ့ပြသတာရော များများလုပ်စေချင်တယ်၊ ပြီးတော့ ကညနကလည်း ယာဉ်မောင်းလိုင်စင်ကို တကယ်အောင်မှ ထုတ်ပေးသင့်တယ်” ဟု ကလေးမြို့ခံတစ်ဦးဖြစ်သူ ဦးညီညီထွန်းက သုံးသပ်ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here