ကလေးမြို့နယ်တွင် ဈေးဝယ်ခွင့်ကတ်၊ ဆေးခန်းပြသခွင့်ကတ်နှင့် အလုပ်သွားလာခွင့်ကတ်များ ပါရှိမှ အပြင်ထွက်ခွင့်အား ယာယီရပ်ဆိုင်းထား

111

ကလေးမြို့ ဗိုလ်ချုပ်လမ်း ခရိုင်မီးသတ်ရုံးရှေ့တွင် မြို့တွင်းသွားလာသူများအား Mask တပ်ထားခြင်းရှိမရှိ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်။

ကလေး၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဈေးဝယ်ထွက်ခွင့်ကတ်၊ ဆေးခန်းပြသခွင့်ကတ်နှင့် အလုပ်သွားလာခွင့်ကတ်များ ပါရှိမှ အပြင်ထွက်၍ သွားလာခွင့်ပေးထားမှုအား ဒေသခံပြည်သေူလူထု၏ ဆန္ဒအရ အောက်တိုဘာ ၂၀ ရက်မှစ၍ ယာယီရပ်ဆိုင်းထားကြောင်း ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ပြီးခဲ့တဲ့ ၂၀ ရက်နေ့မှာပဲ မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှာ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်အရ ကတ်ပြားတွေပါမှ အပြင်ထွက် သွားလာခွင့်ပေးထားတဲ့ကိစ္စကို ခေတ္တရပ်ဆိုင်းထားတယ်၊ ပိုးတွေ့တဲ့အခြေအနေအပေါ် မူတည်ပြီး ကတ်သုံးစွဲမယ့်စနစ်ကို ပြန်ကျင့်သုံးသွားမယ်၊ လောလောဆယ်တော့ ကတ်ပြားမပါလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့အညီ သွားလာခွင့်ရမယ်ပေါ့” ဟု အဆိုပါကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

ကလေးမြို့နယ်အတွင်းသို့ မြို့ဝင်စစ်ဆေးရေးဂိတ်များမရောက်မီ ဆင်းပြီး လမ်းလျှောက်၍လည်းကောင်း၊ ကြို/ပို့ဆိုင်ကယ်များဖြင့်လည်းကောင်း ခိုးဝင်မှုများရှိနေကြောင်း တိုင်ကြားမှုများရှိနေသဖြင့် မြို့နယ်အတွင်း ဝင်ထွက်သွားလာခွင့်ကတပြားများကို ရပ်ကွက်၊ ကျေးရွာအလိုက် အောက်တိုဘာ ၁၅ ရက်မှ စတင်ထုတ်ပေးခဲ့ကြောင်း၊ ထိုသို့ ကတ်ပြားပါမှ အပြင်ထွက်၍ သွားလာခွင့်ပြုခဲ့ရာတွင် တစ်မြို့လုံး Stay at Home နယ်မြေမဟုတ်သည့်အတွက် ကတ်ပြားပါမှ အပြင်ထွက်သွားလာခွင့်အစီအစဉ်ကို အရပ်ဘက်အဖွဲ့အစည်းအချို့က ဝိုင်းဝန်းကန့်ကွက်မှုလည်း ရှိခဲ့ကြောင်း ကလေးမြို့ခံများထံမှ သိရသည်။

“တစ်မြို့လုံး Stay at Home သတ်မှတ်ထားလို့ အခုလို ကတ်ပြားပါမှ အပြင်ထွက်ခွင့်ရမယ်ဆိုတာက လက်ခံလို့ရတယ်၊ အခုဟာက Stay at Home မဟုတ်ဘဲနဲ့ ကတ်ပြားမပါရင် အပြင်မထွက်ရဆိုတာကြီးက နည်းလမ်းမှန်မဟုတ်ဘူးပေါ့၊ အခုလို ပြန်ဖြေလျှော့ပေးလိုက်တာ ကောင်းပါတယ်” ဟု ကလေးမြို့အခြေစိုက် အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်မှ ကိုကျော်သက်ဝင်းက ဆိုသည်။

ကလေးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသည်တင်မော်တော်ယာဉ်များကို နတ်ချောင်း (ချောင်းခွ)ဂိတ်နှင့် ကျီကုန်းဂိတ်များတွင် အထူးကြပ်မတ်စစ်ဆေးလျက်ရှိသော်လည်း စည်းကမ်းမဲ့ပြည်သူအချို့မှ Stay at Home ဒေသအချို့မှ ပြန်လာပြီး စစ်ဆေးရေးဂိတ်မရောက်မီ ခိုးဝင်၍ Quarantine စင်တာသို့ မဝင်ဘဲ နေအိမ်သို့ တစ်ခါတည်း ဝင်ရောက်မှုများရှိနေသည့်အတွက် ကလေးမြို့တွင်းနေထိုင်သူ ဟုတ်မဟုတ် သိရှိနိုင်ရန် အဆိုပါကတ်ပြားများပါမှ အပြင်ထွက်ခွင့်ကို ယာယီဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here