ကလေးမြို့တွင် Test Kit များ လုံလောက်မှုမရှိ၍ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ Covid-19 ပိုးရှိမရှိ စစ်ဆေးရန် ကြန့်ကြာမှုများ ကြုံတွေ့နေရဟုဆို

56

 

ကလေး၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Covid-19 ပိုးတွေ့လူနာအများဆုံး ကြုံတွေ့နေရသော ကလေးမြို့တွင် Test Kit များ လုံလောက်မှုမရှိ၍ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ Covid-19 ပိုးရှိမရှိ စစ်ဆေးရန် ကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း ဒေသခံကုန်သည်များထံမှ စုံစမ်းသိရသည်။

“ကျွန်တော်တို့တွေ ကားထွက်ဖို့ပြင်နေတာ လေး၊ ငါးရက်လောက်ရှိပြီ၊ Test Kit ကုန်နေလို့ ပိုးမစစ်ရသေးလို့ဆိုပြီး ထွက်ခွင့်မပေးဘူး၊ အမှန်ဆို ကလေးမြို့က ပိုးတွေ့လူနာ အများဆုံးဖြစ်နေတာ၊ ဒါကို သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက Test Kit တွေကို လုံလုံလောက်လောက် ချပေးစေချင်တယ်” ဟု ကလေးမြို့ခံ ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုမင်းဦးက ပြောကြားသည်။

ရန်ကုန်၊ မန္တလေး စသည့် အခြားမြို့များမှ လာရောက်သော ကုန်စည်ပို့ဆောင်ရေး ကုန်တင်ယာဉ်များ၏ ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား ကလေးမြို့ထဲသို့ စဝင်သည်နှင့် သက်ဆိုင်ရာ Quarantine Center များတွင် ထားရှိပြီး ကလေးမြို့မှ ပြန်လည်ထွက်ခွာချိန်ရောက်ရှိမှသာ Test Kit ဖြင့် Covid-19 ပိုးရှိမရှိ စစ်ဆေး၍ Negative ဖြစ်မှသာ ပိုးမရှိကြောင်းထောက်ခံစာထုတ်ပေးပြီး ပိုးတွေ့ပါက Covid-19 အတည်ပြုလူနာများ ကုသပေးလျက်ရှိသော တိုင်းရင်းဆေးရုံကြီးသို့ ပို့ဆောင်ပေးကြောင်း၊ ယခုအခါ Test Kit များ လုံလောက်မှုမရှိ၍ ကလေးမြို့မှ ပြန်လည်ထွက်ခွာမည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များမှာ ခရီးကြန့်ကြာမှုများဖြစ်ပေါ်နေပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကဖြစ်စေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကဖြစ်စေ Test Kit များကို လုံလောက်စွာ အမြန်ဆုံးချထားပေးစေလိုကြောင်း ဒေသခံကုန်တင်ယာဉ်မောင်းများက ပြောဆိုသည်။

“ကားပြန်မထွက်မချင်းဟာ Covid-19 ပိုးရှိမရှိ Test Kit နဲ့ မစစ်ဆေးရဘူး၊ ထွက်တဲ့ရက်မှ စစ်ပေးတာဖြစ်တဲ့အတွက် မစစ်ပေးခင် Quarantine စင်တာမှာနေရတယ်၊ တကယ်ဆို စစ်ကိုင်းတိုင်းမှာ ပိုးတွေ့လူနာအများဆုံးမြို့အတွက် Test Kit တွေ အလုံအလောက်ထားပေးသင့်တာပေါ့” ဟု ကလေးမြို့ခံ ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ကလေးမြို့တွင် Test Kit များ ပြတ်လပ်နေမှုကြောင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကားပြန်လည်ထွက်ခွာရန် ကြန့်ကြာနေမှုနှင့်ပတ်သက်၍ ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီသို့ ဆက်သွယ်မေးမြန်းကြည့်ရာတွင် “ကားသမားတွေ တော်တော်များများ ကားပြန်ထွက်ချင်လှပြီဆိုပြီး လာလာပြောကြတယ်၊ ဒါပေမဲ့ ဦးတို့ဆီမှာလည်း Test Kit နဲ့စစ်ဆေးပြီးလို့ Negative ပြမှ ထွက်ခွင့်ပေးတာဆိုတော့ ကားသမားတွေကိုတော့ ခဏစောင့်ပေးပါဦးလို့ ပြောထားရတယ်၊ Test Kit တွေကတော့ လောလောဆယ်မှာ ပြတ်နေတာ မှန်ပါတယ်” ဟု ၎င်းက နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ရှင်းလင်းပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ကလေးမြို့မှထွက်ခွာမည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Covid-19 ပိုးရှိမရှိ Test Kit ဖြင့်စစ်ဆေးရန် Swab နမူနာယူနေသည်ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here