ကလေးမြို့တွင် Test Kit များ ပြတ်လပ်မှု နှစ်ပတ်ကျော်ကြာလာ၍ ကုန်စည်ပို့ဆောင်ရေးကားများ အခက်တွေ့နေ

120

 

ကလေး၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Covid-19 ပိုးတွေ့လူနာအများဆုံး ကြုံတွေ့နေရသော ကလေးမြို့တွင် Test Kit များ ပြတ်လပ်သွား၍ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးပေးနိုင်ခြင်းမရှိသည်မှာ ယခုဆိုလျှင် နှစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရက အမြန်ဆုံးချထားပေးစေလိုကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသူ ကလေးမြို့ခံများက တညီတညွတ်တည်း ပြောကြားသည်။

“Test Kit တွေ ပြတ်နေတာ နှစ်ပတ်ကျော်သွားပြီ၊ Test Kit နဲ့ မစစ်ပေးနိုင်တော့ ကျွန်တော်တို့လည်း ကားမထွက်ရတာ နှစ်ပတ်ရှိနေပြီ၊ ကုန်စည်ပို့ဆောင်ရေး မနှောင့်နှေးစေချင်ဘူးဆိုရင် Test Kit တွေ အလုံအလောက် ချထားပေးရမှာ၊ အခုလိုမျိုး ရက်အကြာကြီး ပြတ်တယ်ဆိုတာက လုံးဝမဖြစ်သင့်ဘူး” ဟု ကလေးမြို့ခံ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ရန်ကုန်၊ မန္တလေး စသည့် အခြားမြို့များမှ လာရောက်သော ကုန်စည်ပို့ဆောင်ရေး ကုန်တင်ယာဉ်များ၏ ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား ကလေးမြို့ထဲသို့ စဝင်သည်နှင့် သက်ဆိုင်ရာ Quarantine Center များ၌ ထားရှိပြီး ကလေးမြို့မှ ပြန်လည်ထွက်ခွာချိန်ရောက်ရှိမှသာ Test Kit ဖြင့် Covid-19 ပိုးရှိမရှိ စစ်ဆေးပေးကြောင်း၊ သို့သော် ယခုအခါ Test Kit များ ပြတ်လပ်နေသည်မှာ နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်သဖြင့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များလည်း ကားမထွက်ဘဲ စောင့်ဆိုင်းနေရသဖြင့် ကုန်စည်စီးဆင်းမှုမပြတ်စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက အမြန်ဆုံး စီစဉ်ပေးစေလိုကြောင်း ကလေးမြို့ခံ ကုန်တင်ယာဉ်မောင်းများက ပြောဆိုသည်။

“စစ်ကိုင်းတိုင်းမှာ Covid-19 လူနာအများဆုံးက ကလေးမြို့၊ ပိုးတွေ့လူနာအများဆုံးမြို့ကို ဦးစားပေးပြီး ဂရုတစိုက် အမြန်ဆုံးစီစဉ်ပေးရမှာ” ဟု ကလေးမြို့ခံ ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ကလေးမြို့တွင် Test Kit များ ပြတ်လပ်နေမှုနှင့်ပတ်သက်၍ ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မေးမြန်းကြည့်ရာ “Test Kit တွေ ပြတ်နေတာ မှန်တယ်၊ နှစ်ပတ်တော့ ကျော်နေပြီ၊ အခု တိုင်းကိုတော့ အမြန်ဆုံးချထားပေးဖို့ စာတင်ထားသလို လွှတ်တော်အမတ်တွေကလည်း ချိတ်ဆက်ကြိုးစားပေးနေတယ်” ဟု အဆိုပါကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိုးဝင်းက ရှင်းလင်းပြောဆိုသည်။

ကလေးမြို့နှင့် ကပ်လျက်တည်ရှိသော ချင်းပြည်နယ်အဝင် ခိုင်ကမ်းဂိတ်မှာပင် ချင်းပြည်နယ်အဝင် ကုန်တင်ကားများ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို Covid-19 ပိုးရှိမရှိ Test Kit ဖြင့် နေ့စဉ်ပုံမှန်စစ်ဆေးပေးနေပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ပိုးတွေ့အများဆုံး ကလေးမြို့၌ Test Kit များ နှစ်ပတ်ကျော်ကြာအောင် ပြတ်လပ်နေသည်မှာ မဖြစ်သင့်ကြောင်း ဒေသခံအချို့ကလည်း ဝေဖန်လျက်ရှိသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Kalay Volunteer

LEAVE A REPLY

Please enter your comment!
Please enter your name here