ကလေးမြို့တွင် Covid-19 ပိုး ထိစပ်လူနာများခေါ်ယူသည့် လူနာတင်ယာဉ်များ ကီလို ငါးဆယ်ထက် ပိုမမောင်းကြရန် သတ်မှတ်

144

 

ကလေး၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Covid-19 ပိုး တွေ့ရှိသူအများဆုံး ကလေးမြို့တွင် Covid-19 ပိုး ထိစပ်လူနာများ ခေါ်ယူသည့် လူနာတင်ယာဉ်များအားလုံး ဥသြဆွဲ၍ (Ambulance များတွင် အသုံးပြုခွင့်ရှိသောအသံ) မောင်းနှင်ရမည်ဖြစ်ပြီး မောင်းနှင်ရာတွင်လည်း ကီလို ငါးဆယ်ထက် ပိုမမောင်းကြရန် သတ်မှတ်လိုက်ကြောင်း Kalay Volunteer အဖွဲ့မှ သိရသည်။

“အဓိကက လူနာတင်ယာဉ်တွေကလည်း အမြန်မောင်းကြရတော့ မတော်တဆ ယာဉ်အန္တရာယ်ဖြစ်သွားရင် နှစ်ဖက်စလုံး မကောင်းတဲ့အတွက် Covid-19 ကော်မတီရဲ့ ဦးဆောင်မှုနဲ့ ဆွေးနွေး သတ်မှတ်လိုက်ကြတာပါ၊ Covid-19 နဲ့ ပတ်သက်လုပ်ကိုင်နေတဲ့ယာဉ်တွေအားလုံး မောင်းနှင်တဲ့အခါလည်း ကီလို ငါးဆယ်အထိပဲ အများဆုံးထားမောင်းနှင်ကြဖို့ သတ်မှတ်ခဲ့ကြတာပါ” ဟု ကလေးမြို့အခြေစိုက် Kalay Volunteer အဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမင်းနိုင်စိုးက ပြောကြားသည်။

ကလေးမြို့တွင် နိုဝင်ဘာ ၂၃ ရက်က မြို့နယ်စုပေါင်းရုံးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျုံးလျံထန်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာအချို့နှင့် လူမှုရေးယာဉ်မောင်းများ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်မောင်းနှင်မှုဆိုင်ရာ အသိပညာပေးကိုလည်း ဟောပြောပို့ချခဲ့ကြောင်း၊ လမ်းပေါ်တွင် သွားလာနေသော ပြည်သူများ၊ ယာဉ်မောင်းများနှင့် ယာဉ်စီးနင်းသူအားလုံး မည်သည့်အခြေအနေတွင်မဆို မည်သူမျှ ယာဉ်အန္တရာယ်မဖြစ်စေရန် သတိပြုကြရမည်ဖြစ်သဖြင့် လူမှုရေးယာဉ်များသည်လည်း Covid-19 Contact Person များ ခေါ်ယူသည့်အခါ ကီလို ငါးဆယ်ထက်ပို၍ မောင်းနှင်ခြင်းမပြုရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း ကလေးမြို့ လူမှုရေးအသင်းများထံမှ စုံစမ်းသိရသည်။

“Contact Person ခေါ်ယူတဲ့ လူမှုရေးယာဉ်မောင်းတွေအနေနဲ့ PPE ဝတ်စုံဝတ်ထားပေမဲ့ ပိုးကူးစက်ခံနိုင်တဲ့သူတွေနဲ့ အချိန်ကြာအောင် အတူရှိဖို့မသင့်ဘူးပေါ့၊ တစ်ဦးပြီးတစ်ဦး လိုက်ခေါ်ရတဲ့အခါမှာလည်း စောင့်ဆိုင်းရတာတွေရှိတဲ့အခါ ယာဉ်မောင်းတွေအနေနဲ့ အလျင်လိုမောင်းမိကြတယ်၊ ဒါကြောင့် အဲဒီလိုမျိုးသွားခေါ်တဲ့အခါ အန္တရာယ်ကင်းအောင် ဥသြသံဖွင့်ပြီးမောင်းသွားဖို့နဲ့ ကီလို ငါးဆယ်ထက် ပိုမမောင်းဖို့ ဆွေးနွေးခဲ့ကြတာ” ဟု ကလေးမြို့ ကာယကံမေတ္တာလူမှုကူညီရေးအသင်းမှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ယာဉ်အန္တရာယ်ဖြစ်ပေါ်ပါက ဥပဒေအတိုင်းသာ လုပ်ဆောင်မည်ဖြစ်သဖြင့် မည်သူမျှ ထိခိုက်နစ်နာမှုမရှိစေရန်နှင့် အန္တရာယ်ကင်းစေရန် ယင်းသို့ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး မြို့တွင်းရှိ ကား၊ ဆိုင်ကယ် မောင်းနှင်နေသူများကလည်း ယင်းသို့ လူနာတင်ယာဉ်များ ဥသြဆွဲ၍ မောင်းနှင်လာပါက ခေတ္တခဏ လမ်းဘေးကပ်၍ မောင်းနှင်ပေးစေလိုကြောင်း ကလေးမြို့အခြေစိုက် လူမှုကူညီရေးအသင်းများရှိ ယာဉ်မောင်းများက ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Min Naing Soe Fb

LEAVE A REPLY

Please enter your comment!
Please enter your name here