ကလေးမြို့တွင် ​မေ ၂၂ ရက်မှစ၍ Mask မတပ်သူများကို ဒဏ်ရိုက်အရေးယူမည်

382

 

က​လေး၊ ​မေ ၂၁

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးတွေ့ရှိမှု ဒုတိယအများဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသော ကလေးမြို့၌ မေ ၂၂ ရက်မှစ၍ ဆိုင်ကယ်၊ ကား စသည်ဖြင့် အပြင်ထွက်သွားလာသူတိုင်း Mask တပ်ဆင်ရမည်ဖြစ်ပြီး Mask မတပ်သူများကို သက်ဆိုင်ရာ ကာကွယ်ရေးဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“အခု မေ ၂၀ ရက်၊ ၂၁ ရက်တို့မှာ မြို့ပေါ်ရပ်ကွက်တွေမှာ Mobile လှည့်လည်ပြီး အပြင်ထွက်တိုင်း Mask တပ်ကြဖို့ ပညာပေးဆောင်ရွက်နေတယ်၊ မြို့ပေါ်ရပ်ကွက် နှစ်ဆယ် စုံသွားပြီဆိုရင် နောက်ရက်ကနေစပြီး အရေးယူမှုတွေ ဆောင်ရွက်သွားဖို့ရှိပါတယ်၊ Mask မတပ်တဲ့သူတွေကို Mask တပ်သွားလာဖို့ ဒီနှစ်ရက်မှာ ဆောင်ရွက်ခဲ့တယ်၊ နောက်ရက်ကနေစပြီး Mask မတပ်တဲ့သူတွေကို သက်ဆိုင်ရာ ကာကွယ်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဥာဏ်လှိုင်ဦးက ပြောကြားသည်။

ကလေးမြို့တွင် Covid-19 ရောဂါ Positive လူနာ ​ခြောက်ဦးအထိ တွေ့ရှိခဲ့ပြီး အဆိုပါ ​ခြောက်ဦးမှာ ယခုအခါ Negative ဖြစ်၍ ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ပြီးဖြစ်သော်လည်း ပြည်သူများအနေဖြင့် မပေါ့ဆစေလိုကြောင်း၊ ပေါ့ဆရင်းဖြင့် တစ်ဦးနှင့်တစ်ဦးထိတွေ့ပြီး Positive လူနာ ထပ်မံထွက်ပေါ်လာပါက မိသားစုသာမက တစ်မြို့လုံးအတွက်ပါ စိုးရိမ်ရသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနတို့၏ လမ်းညွှန်ချက်နှင့်အညီ Mask တပ်ကြရန် အသိပညာပေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကလေးမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောကြားသည်။

“ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့လုပ်ကြတာ ဖြစ်တဲ့အတွက် အရေးယူတယ်ဆိုတဲ့အပိုင်းကို မခံရစေချင်ဘူး၊ တစ်ဖက်ကလည်း မချိုးဖောက်ဖို့လိုတယ်၊ ပြည်သူလူထုကလည်း ပူးပေါင်းပါ၀င်ဖို့လိုအပ်တယ်၊ တကယ့်ကို Mask ၀ယ်ဖို့ အခက်အခဲ ဖြစ်နေပြီဆိုရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ အကြောင်းကြားဖို့လိုတယ်၊ မ၀ယ်နိုင်တဲ့လူတန်းစားတစ်ရပ်လည်း ရှိကောင်းရှိမယ်၊ ဒီလိုလူတွေအတွက်ကိုလည်း စီမံထားတဲ့ ကိစ္စရပ်တစ်ခုရှိတယ်၊ စည်ပင်မှာလည်း စျေးနှုန်းချိုသာစွာနဲ့ ၀ယ်လို့ရတယ်၊ ၁၂၅ ကျပ်ပဲ ကျပါတယ်၊ လက်လှမ်းမီသလောက် လက်ဆင့်ကမ်းပေးစေချင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ကလေးမြို့နယ်တွင် ပြီးခဲ့သည့်မေလလယ်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် ရပ်ကွက်ပေါင်း နှစ်ဆယ်၌ တစ်ရပ်ကွက်လျှင် Mask အခုရေ ၁၅၀ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံး၌လည်း အခြေခံလူတန်းစားများအတွက် Mask တစ်ခုလျှင် ၁၂၅ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ဒဏ်ကြေးအနေနဲ့ ဥပဒေအရ ကျပ် ငါး​ထောင် ရှိပါတယ်၊ မြို့နယ်တရားရုံးမှာ ဆောင်ရမှာပါ၊ ဒါကြောင့် ကျွန်တော်တို့ပြည်သူ​တွေကို Mask တပ်ပြီး သွားလာကြပါလို့ ပြောကြားလိုပါတယ်” ဟု ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ်လှိုင်ဦးက ထပ်မံဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here