ကလေးမြို့တွင်  ၁၁ လတာအတွင်း  စည်းကမ်းပျက်ဆိုင်ကယ် ဖမ်းဆီးမှုမှ   တရားရုံးဒဏ်ငွေ  ကျပ်သိန်း   ၁,၂ဝဝ  ကျော်  ရရှိ

611

အထက်ချင်းတွင်း၊ ကဘော်ချိုင့် ဝှမ်းဒေသ၏ လမ်းဆုံမြို့ဟု တင်စားကြသော ကလေးမြို့တွင် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ ၂၇ ရက်အထိ ၁၁ လအတွင်း စည်း ကမ်းပျက်ဆိုင်ကယ် အရေးယူရမှုမှ တရားရုံး ရုံးဒဏ်ငွေ ကျပ်သိန်း ၁,၂ဝဝကျော် ရရှိထားကြောင်း အမှတ်(၁ဝ၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှူးရုံး(ကလေး)မှ သိရသည်။

 

”စည်းကမ်းပျက် ဆိုင်ကယ်တွေကို အရင်ကတည်းကလည်း ဖမ်းနေတယ်၊ အခုလည်း ရုံးပိတ်ရက်ကလွဲလို့ တောက်လျှောက်ကြပ်မတ်နေတယ်၊ ဒီနှစ်ထဲ ၁၁ လ အတွင်းမှာတော့ စည်းကမ်းပျက် ဆိုင်ကယ်ဖမ်းဆီးမှုကနေ တရားရုံးဒဏ်ငွေ သိန်း ၁,၂ဝဝ ကျော် ရရှိထားတယ်၊ အဲဒီငွေတွေကိုလည်း တရားရုံးက တိုင်းအစိုးရအဖွဲ့ကို ပေးသွင်းရပါတယ်၊ တိုင်းအစိုးရအဖွဲ့ကနေ စစ်ကိုင်းတိုင်းအတွင်းထဲက မြို့နယ်တွေမှာ ဒေသဖွံ့ဖြိုးရေး လုပ်လို့ရအောင်ရရှိ ထားတဲ့ငွေကို သူ့မြို့နယ်အလိုက်  ပြန်ခွဲဝေချပေးပါတယ်”ဟု အမှတ်(၁ဝ၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး(ကလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ကလေးမြို့တွင် စည်းကမ်း ပျက်ဆိုင်ကယ်များ ရှောင်တခင် စစ်ဆေးမှုကို ရုံးပိတ်ရက်မှအပ မနက် တစ်ကြိမ်၊ ညနေတစ်ကြိမ်စီ ဖြင့် ရွေ့လျားစနစ်နှင့် လုပ်ဆောင်နေပြီး ဆိုင်ကယ်ဦးထုပ် ပါရှိပါက လွှတ်ပေးကြောင်း၊ ဆိုင်ကယ်ဦးထုပ်မပါရှိသော ဆိုင်ကယ်များ စစ်ဆေးတွေ့ရှိပါက အခြားဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တို့ပါ တစ်ပါတည်းစစ်ဆေးပြီး ပြည့်စုံစွာ မပါရှိပါက တရားရုံးသို့ တရားစွဲဆို တင်ပို့ကြောင်း အမှတ်(၁ဝ၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး(ကလေး)မှ ထပ်မံ သိရသည်။

 

”ဆပရိုက်ချက်ကို မြို့ထဲမှာ နေ့စဉ်လုပ်နေတာ သိရဲ့နဲ့ကို ဆိုင်ကယ်ဦးထုပ် မဆောင်းကြတာ၊ ဆိုင်ကယ်ဦးထုပ် ဆောင်းခိုင်းတယ် ဆိုတာလည်း သူတို့ အသက်အန္တရာယ် ကြိုတင်ကာကွယ်နိုင်အောင်လို့ပါ၊ အဓိကကတော့ လူတစ်ဦးချင်းစီမှာ ငါ့အတွက်ပြောနေတာပါလားဆိုတဲ့ အသိစိတ်ရှိဖို့လိုတယ်၊  မိုးတွင်းဆို လမ်းချော်တာတွေရှိတဲ့အတွက် ဆိုင်ကယ်နဲ့အပြင် ထွက်တိုင်း မဖြစ်မနေ ဆောင်းသင့်တယ်၊ ဒီလထဲဆိုရင် ဆပရိုက် ချက်မရှိချိန်မှာတောင် ဆိုင်ကယ်ဦးထုပ်ဆောင်းတဲ့သူ ဦးရေများလာတယ်၊ ရလဒ်တိုးတက်လာတယ်လို့ ပြောလို့ရတယ်၊ ဒါပေမဲ့ မဆောင်းတဲ့သူတွေကတော့ အနည်းငယ် ကျန်နေသေးတယ်” ဟု အဆိုပါ ရုံးမှ တာဝန်ရှိသူတစ်ဦးက  ထပ်မံဆိုသည်။

 

ကလေးမြို့တွင် စည်းကမ်း ပျက်ဆိုင်ကယ်များကို ယာဉ်ထိန်းရဲ၊ နယ်မြေခံရဲ၊ စည်ပင် စသောဌာန ပေါင်းစုံ ပူးပေါင်းအဖွဲ့ဖြင့် အရေးယူလျက်ရှိပြီး ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ ၂၇ ရက်အထိ ၁၁ လ အတွင်း စည်းကမ်းပျက်ဆိုင်ကယ် ၃,၂၃၈ စီး အရေးယူခဲ့ရာမှ တရား ရုံးဒဏ်ငွေ ကျပ်သိန်း ၁,၂ဝဝ ကျော် ရရှိခဲ့ခြင်းဖြစ်သည်။

 

”ညပိုင်း ရှေ့မီးမပါတဲ့ ဆိုင် ကယ်တွေ၊ ဆိုက်တွဲတွေနဲ့ ဆိုင်ကယ်ဦးထုပ် မဆောင်းတာတွေပါ ကြပ်မတ်စေချင်တယ်၊ ညပိုင်း ရှေ့မီးကမပါရတဲ့အထဲ တဗျင်းဗျင်းနဲ့ အရှိန်ပြင်း မောင်းကြတာတွေ တခြားသူ တွေအတွက်ပါ အရမ်းအန္တရာယ် များလွန်းတယ်”ဟု ကလေးမြို့ခံ တစ်ဦးဖြစ်သူ ကိုရန်နိုင်ထွန်းက လည်း ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here