ကလေးမြို့တွင် အရေးကြီးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၅၅ ဦးအား စစ်ဆေးရာမှ ယာဉ်နောက်လိုက်တစ်ဦးတွင် Covid-19 ပိုးတွေ့

98

​က​လေး၊ ​အောက်တိုဘာ ၈

ကလေးမြို့မှ ထွက်ခွာမည့် အရေးကြီး ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို အောက်တိုဘာ ၇ ရက်မှစ၍ အထက (၁) ကျောင်းအတွင်း စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိပြီး ယနေ့ ၅၅ ဦး စစ်ဆေးပေးရာတွင် ယာဉ်နောက်လိုက်တစ်ဦး၌ Covid-19 ပိုးတွေ့ရှိခဲ့သည့်အတွက် တိုင်းရင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

“ဒီကနေ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၅၅ ဦး စစ်ပေးရာမှာ တစ်ဦးက ပိုးတွေ့တဲ့အတွက် သူ့ကို တိုင်းရင်းဆေးရုံပို့ထားတယ်၊ ကျန် ၅၄ ဦးကတော့ ပိုးမတွေ့ဘူး” ဟု အဆိုပါကော်မတီမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

ကလေးမြို့တွင် အောက်တိုဘာ ၇ ရက်ကလည်း အထက(၁)ကျောင်း၀င်းအတွင်း၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၄၄ ဦးအား Covid-19 ပိုးရှိမရှိ စစ်ဆေးပေးခဲ့ပြီး အားလုံးတွင် Negative တွေ့ရှိခဲ့ကြောင်း၊ ယနေ့ စစ်ဆေးပေးသည့် ၅၅ ဦးတွင်မူ ယာဉ်နောက်လိုက်တစ်ဦး၌ Covid-19 ပိုး တွေ့ရှိသဖြင့် ၎င်းကို ကုသပေးနိုင်ရန် Covid-19 ရောဂါပိုးတွေ့ရှိသူများ ထားရှိကုသပေးလျက်ရှိသည့် တိုင်းရင်းဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းနှင့် ထိတွေ့မှုရှိခဲ့သူ High Class ယာဉ်အသင်းမှ ဂိတ်၀န်ထမ်း ၁၁ ဦးကိုလည်း ကလေးတက္ကသိုလ်ရှိ Facility Quarantine စင်တာသို့ ယနေ့ နေ့လယ်ပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“ဒီကနေ့ ပိုးတွေ့တဲ့ ယာဉ်နောက်လိုက်က မနေ့ညကမှ Box ကားနဲ့ ငါးပုံးတွေ လာပို့တာ ကလေးမြို့ကို ည ၁၀ နာရီရောက်တယ်၊ အိပ်တာကတော့ ကားထဲမှာပဲ အိပ်ခဲ့တယ်လို့ပြောတယ်၊ ဒီမနက်မှာတော့ Covid-19 ပိုး ရှိမရှိ စစ်ကြည့်လိုက်တော့ ပိုးတွေ့တာနဲ့ သူ့ကို တိုင်းရင်းဆေးရုံပို့လိုက်ပြီ၊ သူနဲ့ ထိစပ်မှုရှိခဲ့တဲ့ High Class က ဂိတ်၀န်ထမ်း ၁၁ ဦးကိုလည်း Quarantine စင်တာဆီ ပို့လိုက်ပါပြီ၊ ဂိတ်၀န်ထမ်းတွေထဲက ပိုးထပ်မတွေ့ပါစေနဲ့လို့ ဆုတောင်းရမှာပဲ” ဟု ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက) ဥက္ကဌ ဦးစိုး၀င်းက ဆိုသည်။

အောက်တိုဘာ ၈ ရက်(ယ​နေ့)အထိ ကလေးမြို့တွင် Covid-19 ရောဂါပိုးတွေ့ရှိထားသူ လူနာဦး​ရေ နှစ်ဆယ်ရှိပြီး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သည့်လူနာ ရှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓါတ်ပုံ-ပြန်/ဆက်၊ က​လေး။

LEAVE A REPLY

Please enter your comment!
Please enter your name here