ကလေးမြို့တွင် ဟိုတယ်နှင့် တည်းခိုခန်းအချို့ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သော်လည်း ယခုအချိန်အထိ ခရီးသွားဧည့်သည်မရှိသေးဘဲ လာမည့်နှစ်ဆန်းပိုင်း ခရီးသွားရာသီကိုသာ မျှော်လင့်ရမည်ဟုဆို

185

 

ကလေး၊ မေ ၃၀

ချင်းတောင်၏ တံခါးဝဟုသမုတ်ကြသော ကလေးမြို့တွင် ဇွန် ၁ ရက်မှစ၍ ဟိုတယ်နှင့် တည်းခိုခန်းအချို့ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သော်လည်း ယခုအချိန်အထိ ခရီးသွားဧည့်သည်မရှိသေးဘဲ လာမည့်နှစ်ဆန်းပိုင်း ခရီးသွားရာသီကိုသာ မျှော်လင့်ရတော့မည်ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ကျွန်တော်တို့ ကလေးမြို့က ချင်းပြည်နယ်လာတဲ့ခရီးသွားတွေရယ်၊ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်မှုလာလုပ်ကြတဲ့ ခရီးသွားတွေရယ်၊ ကလေးဝဖက်က ကျောက်မီးသွေးမိုင်းနဲ့ပတ်သက်ဆက်စပ်တဲ့သူတွေရယ် ဒါတွေကိုပဲ အားထားရတာ၊ အဲဒီထဲမှာတော့ နိုင်ငံခြားသားလည်းပါသလို ပြည်တွင်းခရီးသွားလည်းပါတာပေါ့၊ အခု Covid-19 ဖြစ်လိုက်တော့ ဟိုတယ်တွေ ပိတ်ထားရတယ်၊ လာမယ့်ဇွန် ၁ ရက်ဆို ကျွန်တော့်ဟိုတယ် ပြန်ဖွင့်ဖို့ စီစဉ်နေပေမဲ့ အခုအချိန်ထိ ခရီးသည်တစ်ယောက်မှ Booking လုပ်ထားတာမရှိသေးဘူး၊ ဒါ့ပြင် ကလေးမြို့မှာ Covid-19 ရောဂါပိုးကလည်း တွေ့လိုက်သေးဆိုတော့ လာချင်တဲ့ခရီးသွားတွေတောင် လာရမှာ တွန့်နေကြမှာ သေချာတယ်၊ ဒီကာလအတွင်းတော့ လုံးဝလာမှာမဟုတ်သေးဘူး၊ ဒါကြောင့် သေချာတာတစ်ခုက ဟိုတယ်တွေ၊ တည်းခိုခန်းတွေ ပြန်ဖွင့်ကြပေမဲ့ ကြားကာလမှာ ခရီးသွားမရှိဘဲ ဒီအတိုင်းဖွင့်လှစ်ထားရမယ့်အနေအထားဖြစ်နေတယ်” ဟု ကလေးမြို့ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌလည်းဖြစ် Five Star အဆင့်ရှိ မင်းကြီးဟိုတယ်လည်း ဖွင့်လှစ်ထားသူ ဦးအောင်မင်းက ပြောကြားသည်။

ယခင်နှစ်များ၏ အတွေ့အကြုံအရ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလ၊ မေလ၊ ဇွန်လတို့သည် ကလေးမြို့သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ဝင်ရောက်မှုအများဆုံးလများဖြစ်ပြီး Covid-19 ရောဂါပိုးဖြစ်ပွားချိန်တွင် ခရီးသွားဝင်ရောက်မှုအများဆုံးလများမှာ ဆုံးရှုံးသွားကြောင်း၊ လာမည့် ဇွန် ၁ ရက်မှစ၍ ဟိုတယ်နှင့် တည်းခိုခန်းအချို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များအတိုင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသော်လည်း ယခုအခါ မိုးတွင်းကာလစတင်ရောက်ရှိနေပြီဖြစ်သဖြင့် ခရီးသွားဝင်ရောက်မှု မရှိသလောက်နည်းနေဦးမည်ဖြစ်ကြောင်း ကလေးမြို့ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

“အခု Covid-19 လေး စငြိမ်ခါစရှိလို့ ဟိုတယ်ပြန်ဖွင့်မယ့်ရှိသေး မိုးရာသီနဲ့ကြုံတော့ ခရီးသွားဧည့်သည်က မရှိပြန်ဘူး၊ Covid-19 ရောဂါပိုး လုံးဝပျောက်သွားခဲ့မယ်ဆိုရင်တော့ လာမယ့်နှစ်ဆန်းပိုင်း ပွင့်လင်းရာသီကိုပဲ မျှော်လင့်ရတော့မှာ” ဟု ကလေးမြို့ခံ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ကလေးမြို့တွင် လက်ရှိ၌ ဟိုတယ် ၁၂ လုံး၊ မိုတယ် ၁ လုံးနှင့် တည်းခိုခန်းအကြီး သုံးလုံးရှိကာ ပြီးခဲ့သည့်အပတ်ကလည်း မြို့နယ်စည်ပင်၊ ထွေအုပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စသည့် ဌာနပေါင်းစုံပူးပေါင်း၍ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများအားလုံး မဖွင့်လှစ်မီ ကြိုတင်ဆောင်ရွက်ရမည့်အစီအမံများနှင့် ပြင်ဆင်ထားမှုများကို လိုက်လံစစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here