ကလေးမြို့တွင် သုံးရက်အတွင်း ကားနှင့် ဆိုင်ကယ်စီးသူများ အပါအဝင် Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူ ၅၂ ဦးကို အရေးယူထား

319

 

က​လေး၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်တာကာလအတွင်း ကားနှင့် ဆိုင်ကယ်စီးနင်းသူများ အပါအဝင် Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူ ၅၂ ဦးကို အရေးယူထားကြောင်း ကလေးမြို့နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

” ၂၁ ရက်နေ့ကစပြီး Mask တပ်ဆင်သွားလာခြင်းမရှိသူတွေကို အရေးယူနေတယ်၊ သုံးရက်တာကာလအတွင်း အရေးယူထားတာ အားလုံး ၅၂ ဦးပေါ့၊ နောက်ရက်တွေလည်း ရှောင်တခင်စစ်ဆေးအရေးယူသွားမယ်”ဟု အဆိုပါကော်မတီ၀င်လည်းဖြစ်၊ ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

ကလေးမြို့နေ ပြည်သူများအားလုံး Mask တပ်ဆင်သွားလာကြရန် သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိ အသိပညာပေးခြင်း၊ Mask များ အခမဲ့ပေး​ဝေခြင်း စသည်တို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆက်တိုက်ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်မှစ၍ Mask တပ်ဆင် သွားလာခြင်းမရှိသူများကို စတင် အရေးယူနေခြင်းဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ ထပ်မံသိရသည်။

“ဌာနပေါင်းစုံ ပူးပေါင်းပါ၀င်တဲ့ အဖွဲ့နဲ့ နေ့စဉ် စစ်ဆေးကြပ်မတ်နေတယ်၊ ရွေ့လျားစနစ်နဲ့ လူသွားလူလာများတဲ့နေရာတွေမှာ ရှောင်တခင်စစ်ဆေးနေတယ်ပေါ့၊ အဲဒီလိုစစ်ဆေးရင်းနဲ့ Mask မတပ်တဲ့သူတွေကို မြို့နယ်တရားရုံးကို ခေါ်ဆောင်ပြီး ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၅ အရ တရားစွဲဆို အရေးယူထားတယ်” ဟု အဆိုပါကော်မတီမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

ကလေးမြို့တွင် Covid-19 ရောဂါပိုးတွေ့ရှိထားသူ ​လေးဦးရှိခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် တစ်ဦးမှာ ရောဂါပျောက်ကင်းသွားပြီဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။ သို့သော် ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် Positive လူနာ နှစ်ဦး ထပ်မံတွေ့ရှိသဖြင့် ကျန် သုံးဦး အပါအ၀င် ယခုအခါ စုစုပေါင်း Covid-19 ပိုး တွေ့ရှိထားသူ ငါးဦးအထိရှိလာကြောင်း အဆိုပါကော်မတီမှ ယမန်​နေ့က ထုတ်ပြန်ခဲ့သည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓါတ်ပုံ- Thant Sin

LEAVE A REPLY

Please enter your comment!
Please enter your name here