ကလေးမြို့တွင် လုပ်ငန်းသုံး သဲတင်၊ ကျောက်တင်ကားများအား အထူးကြပ်မတ်ပေးရန် ဒေသခံများ လိုလားနေ

499

ကလေး၊ မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ်တွင် ပြီးခဲ့သည့် မေ ၁၄ ရက်မှ ၃ဝ ရက်အထိ နှစ်ပတ်တာ ကာလအတွင်း လုပ်ငန်းသုံး သဲတင်၊ ကျောက်တင်ကားများ၏ စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အားတိုက်မိကာ ပွဲချင်းပြီး သေဆုံးသွားသည့်ဖြစ်စဉ်များကြောင့် ယင်းကားများကို အထူးကြပ်မတ်ပေးစေလိုကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောသည်။

”ပြီးခဲ့တဲ့ မေ ၁၄ ရက်ကလည်း ဗိုလ်ချုပ်လမ်းပေါ်မှာ လုပ်ငန်းသုံးယာဉ်တစ်စီးကနေ အမျိုးသမီးတစ်ဦးကို ကြိတ်မိလိုက်တာ ပွဲချင်းပြီး သေသွားတယ်၊ ဖြစ်ဖြစ်ချင်း ကားက ထွက်ပြေးလို့ အဖြူရောင်ကားလို့ပဲ သိလိုက်ကြတယ်၊ ကားနံပါတ် မမှတ်မိလို့ အခုအချိန်အထိ မဖမ်းမိသေးဘူး၊ အခုဒီနေ့လည်း စကားလှဘုန်းကြီးကျောင်းနားမှာ အပြာရောင်နဲ့ လုပ်ငန်းသုံးယာဉ်တစ်စီးက လမ်းထောင့်ချိုးမှာ အမှိုက်ကားကို ကျော်တက်ရာကနေ ကလေးငယ်တစ်ယောက်ကို ကြိတ်မိသွားတယ်၊ ကလေးလည်း ပွဲချင်းပြီးသေတယ်၊ ဒီလထဲမှာကို လူသေတဲ့ဖြစ်စဉ် နှစ်ခါရှိနေပြီ၊ အဲဒီ လုပ်ငန်းသုံးကားတွေကို ဒီအတိုင်းထားမယ်ဆိုရင် ဒီထက် ပိုဆိုးဖို့ပဲ ရှိတော့တယ်၊ ဒါကြောင့် ထိထိရောက်ရောက် ကြပ်မတ်စေချင်တယ်”ဟု ကလေးမြို့ခံတစ်ဦးက မေ ၃ဝ ရက်တွင် ပြောသည်။

ကလေးမြို့ပေါ်တွင် ပြီးခဲ့သည့် မေ ၁၄ ရက်က အမျိုးသမီး တစ်ဦးအား လုပ်ငန်းသုံးယာဉ်တစ်စီးမှ ဝင်တိုက်၍ ကြိတ်မိမှုတစ်ကြိမ်၊ မေ ၃ဝ ရက်တွင် အသက် ၂ နှစ် မပြည့်သေးသည့် ကလေးငယ်တစ်ဦးအား လုပ်ငန်းသုံးယာဉ် တစ်စီးမှ ဝင်တိုက်မှုတစ်ကြိမ် စုစုပေါင်းနှစ်ပတ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှု နှစ်မှုဖြစ်ပွားခဲ့သည့်အတွက် ယင်းလုပ်ငန်းသုံးကားများကို ထိထိရောက်ရောက် ကြပ်မတ်ပေးစေလိုကြောင်း၊ လက်ရှိ ကလေးမြို့ပေါ်တွင် မောင်းနှင်နေသော လုပ်ငန်းသုံးယာဉ်များ၌ လိုင်စင်မဲ့ကားအချို့ ပါရှိနေကြောင်း ကလေးမြို့ခံများထံမှ သိရသည်။

”ဆပရိုက်ချက်သာ လုပ်နေတာ အဲဒီ လုပ်ငန်းသုံးကားတွေကိုကျတော့ အခုအချိန်ထိ ထိထိရောက်ရောက် အရေးယူမှုလုပ်တာ မတွေ့ရသေးဘူး၊ အခု မောင်းနှင်နေတဲ့ လုပ်ငန်းသုံးကားတွေမှာ လိုင်စင်မဲ့ယာဉ်တွေပါ တွေ့ရတယ်၊ ယာဉ်မောင်းလိုင်စင်ဆိုလည်း သူ့ သတ်မှတ်ချက်လိုင်စင် မဟုတ်ဘဲ ထင်ရာစိုင်းမောင်းနေကြတယ်၊ ရှေ့ဆက်ပြီး သက်ဆိုင်ရာက ထိထိရောက်ရောက် မကြပ်မတ်ဘူး၊ အရေးမယူဘူးဆိုရင်တော့ ပြည်သူလူထုနဲ့ပေါင်းပြီး ဆန္ဒဖော်ထုတ် တောင်းဆိုတာတွေ လုပ်သွားမယ်”ဟု ကလေးမြို့ အထက်ချင်းတွင်းဒေသ လူငယ်များ ကွန်ရက်မှ စီမံကိန်းဒါရိုက်တာ ဦးကျော်သက်ဝင်းက ဆိုသည်။

လုပ်ငန်းသုံးကားများမှ ပြိုင်ကားပုံစံ စည်းကမ်းမဲ့ အရှိန်ပြင်းမောင်းနှင်မှုများကြောင့် စည်းကမ်းတကျမောင်းနှင်နိုင်ရေး မေလ တတိယပတ်အတွင်းက ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်စစ်ဆေးမှုများ၊ ပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟု ကလေးမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

”မေ ၁၄ ရက် ယာဉ်တိုက်မှုဖြစ်စဉ်ပြီးကတည်းက တောက်လျှောက် ရှောင်တခင်စစ်ဆေးမှုတွေ လုပ်လာပါတယ်၊ အများစုက သတ်မှတ်လိုင်စင်နဲ့ မမောင်းကြလို့ အရေးယူမှုတွေလည်း လုပ်ခဲ့ပါတယ်”  ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here