ကလေးမြို့တွင်  ရေကြီး၊ ရေလျှံမှုဖြစ်ပွားပြီးနောက်ပိုင်း Auto ဆိုင်ကယ်များနှင့် တရုတ် 125 R ဆိုင်ကယ်များ အဝယ်လိုက်

970

ကလေးမြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်အရောင်းအဝယ် ရပ်တန့်သွားခဲ့သော်လည်း ယခုလကုန်ပိုင်းတွင် ထိုင်းနှင့် အိန္ဒိယနိုင်ငံထုတ် Auto ဆိုင်ကယ်များနှင့် တရုတ် 125 R ဆိုင်ကယ်များ အဝယ်လိုက်လာကြောင်း ကလေးမြို့ ဆိုင်ကယ်အရောင်းဆိုင်များမှ စုံစမ်းသိရသည်။

 

”ရေမကြီးခင်က ကလေးတောင်ပိုင်းဘက်က ကျေးရွာတွေမှာ နှမ်းအထွက်ကောင်းတယ်ဆိုလို့ ဝမ်းသာနေတာ၊ အခု ရေလျှံတာတွေနဲ့ ရေမြုပ်သွားတော့ ဒီရက်ပိုင်း ရွာဘက်တွေက အဝယ်ကိုမလာတာ၊ မြို့ပေါ်ကတော့ အဝေးသင်တက္ကသိုလ်တက်မယ့် ကျောင်းသား၊ ကျောင်းသူတွေလာဝယ်တာနဲ့ ထိုင်း Scoopy i ရော၊ YAMAHA Fino ရော၊ အိန္ဒိယ RayZ ရော မိုဒယ်နိမ့် Auto ဘီးလေးတွေ အစုံ ရောင်းရတယ်၊ ရေကြီးပြီးနောက်ပိုင်း အဝေးသင်ပြန်ဖွင့်ချိန်မို့ အနည်းငယ် ပြန်အဝယ်လိုက်လာတယ်” ဟု ကလေးမြို့ ‘စွမ်းထက်ဟိန်း ဆိုင်ကယ်အရောင်းပြခန်း’ ပိုင်ရှင် မယုယုယမင်းက ပြောသည်။

 

ကလေးမြို့တွင် ရေကြီး၊ ရေ လျှံမှုမဖြစ်ပွားမီအချိန်က ကျေးလက်ဒေသများ၏ ဝယ်လိုအားကြောင့် အရောင်းအဝယ်ပုံမှန်ရှိနေခဲ့သော်လည်း ယခုလ တတိယပတ်အတွင်းက ရေကြီး၊ ရေလျှံမှုကြောင့် စျေးဦးမပေါက်သည်အထိ ဝယ်လိုအား တန့်သွားခဲ့ကြောင်း၊ မြစ်သာ မြစ်ရေ ကျဆင်းမှုမြန်ဆန်သည်နှင့် အမျှ ရက်အနည်းငယ်အတွင်း ရေလျှံမှုများ ကျဆင်းသွားခြင်းကြောင့် ယခုလကုန်ပိုင်းတွင် စျေးကွက်ပြန်လည် ဦးမော့လာခြင်းဖြစ်ကြောင်း ကလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းများက သုံးသပ်သည်။

 

”ရေမကြီးခင်ကလည်း ရောင်းအားက တစ်ရက် သုံးစီး၊ လေးစီးပဲ ရောင်းရတယ်၊ ရေကြီးတဲ့အချိန်က တော့ ရေဘေးကယ်ဆယ်ရေးတွေ လုပ်ကိုင်နေတာနဲ့ စျေးဦးကိုမပေါက်ဘူး၊ အခု ရေပြန်ကျသွားမှ အဝေးသင် တက္ကသိုလ်လည်း ပြန်ဖွင့်တော့ ဒီရက်ပိုင်းထိုင်း၊ အိန္ဒိယ Auto ဘီးလေးတွေနဲ့ တရုတ် 125 R ဘီးလေးတွေ ပြန်ရောင်းလာရတယ်၊ ဒီရက်ပိုင်း ဂန့်ဂေါနယ်ထဲက မွှေ့လည်၊ နှမ်းခါး၊ ရွှေဘို စတဲ့ ရွာတွေဘက်ကနဲ့ ချင်းတောင် ပေါ်ကပဲ လာဝယ်ကြတာ များတယ်”ဟု ကလေးမြို့ ‘သီရိကမ္ဘာ ဆိုင်ကယ်အရောင်းပြခန်း’ ပိုင်ရှင် မစန္ဒာက ဆိုသည်။

 

ကလေးမြို့တွင် ယခုလ နောက်ဆုံးပတ်အတွင်း တရုတ် 125 R(Canda) ကျပ် ၅၅ဝ,ဝဝဝ၊ 125 R (Kenbo) ကျပ် ၇၆ဝ,ဝဝဝ၊ 12 R(New AnBo) ကျပ် ၆၄ဝ, ဝဝဝ၊ အိန္ဒိယနိုင်ငံထုတ် YAMAHA Ray Z ကျပ် ၁,၅ဝဝ,ဝဝဝ၊ FZ S ကျပ် ၂,၁ဝဝ,ဝဝဝ အစရှိသည့် ပေါက်စျေးများတွင် ရှိနေကြောင်း ယင်းစျေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here