ကလေးမြို့တွင် ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း တစ်ပိုင်တစ်နိုင် လှည့်လည်ရောင်းချသော ဆိုင်ကယ်စျေးသည်များ အဆမတန်များပြားလာ

152

 

က​လေး၊ ​အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း စီးပွားရေးလုပ်ငန်းအများစု ရပ်နားထားရသဖြင့် မရှိမဖြစ်လိုအပ်သော အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို တစ်ပိုင်တစ်နိုင် လှည့်လည်ရောင်းချသည့် ဆိုင်ကယ်စျေးသည်များ အဆမတန် များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်မတို့အိမ်နားတစ်ဝိုက်ဆို အရင်က ဆိုင်ကယ်နဲ့လာရောင်းတဲ့စျေးသည် တစ်ဦးလောက်ပဲ ရှိတယ်၊ အခု ​လေးဦး၊ ငါးဦးလောက်အထိ တိုးလာတယ်၊ တချို့ စျေးထဲမှာထွက်တဲ့ စျေးသည်တွေကလည်း ဒီကာလမှာ စျေးမထွက်တော့ဘဲ ဆိုင်ကယ်နဲ့ပဲ လှည့်ရောင်းလာကြတာလည်းပါတာပေါ့” ဟု ကလေးမြို့၊ အောင်သစ္စာရပ်ကွက်တွင် နေထိုင်သူ ဒေါ်အုန်းရင်က ပြောကြားသည်။

ကလေးမြို့တွင် ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း ဟင်းသီးဟင်းရွက်၊ ကုန်စိမ်းနှင့် ကုန်ခြောက်များရောင်းချသော မီးခွက်စျေးကို ကျန်းမာရေးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပုံမှန်ဖွင့်လှစ်ခွင့်ပြုထားသော်လည်း ၀ယ်ယူသူနည်းပါးသဖြင့် စျေးရောင်းပါးနေကြောင်း၊ ထို့ကြောင့် နံနက်ခင်းအစောပိုင်း မီးခွက်စျေးတွင် ရောင်းချပြီး စျေးအပြန်တွင် ဆိုင်ကယ်ဖြင့် လှည့်လည်၍ တစ်ပိုင်တစ်နိုင် စျေးရောင်းချသူများလည်းရှိကာ ကျေးရွာများရှိ စိုက်ခင်းများမှ ကိုယ်တိုင်ကိုယ်ကျသွားခူး၍ တစ်ဆင့်ပြန်လည် ရောင်းချကြမှုလည်းရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“တချို့လည်း နံနက်ခင်းမီးခွက်စျေးထဲမှာ ဖောက်သည်ယူပြီး မနက် ၆ နာရီ၊ ၇ နာရီလောက်ဆို ရပ်ကွက်ထဲလှည့်ရောင်းကြတယ်၊ တချို့လည်း သာစည်၊ ချင်းဆိုင်ဘက်ကနေ ဟင်းသီးဟင်းရွက်တွေ သွားကောက်ပြီး မနက်အစောပိုင်းမှာ ဆိုင်ကယ်နဲ့လှည့်ရောင်းကြတယ်၊ ဒီရက်ပိုင်းမှာ ဆိုင်ကယ်စျေးသည်တွေကမှ မဆိုးဘူး၊ ရောင်းရသေးတယ်၊ စျေးထွက်တဲ့သူတွေက အရောင်းပါးတယ်” ဟု ကလေးမြို့ မီးခွက်စျေးတွင် ခရမ်းချဉ်သီးနှင့် ငရုတ်သီးများ ရောင်းချနေသူ မစုမြတ်မူက ဆိုသည်။

ကလေးမြို့တွင် အောက်တိုဘာ ၈ ရက်အထိ Covid-19 ပိုးတွေ့လူနာ ဦး​ရေ နှစ်ဆယ်ရှိပြီး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသွားသူ ရှစ်ဦးရှိကာ ရောဂါပိုးတွေ့ရှိမှုအများဆုံး စမ်းမြို့ရပ်ကွက်ကိုမူ Stay at Home သတ်မှတ်၍ လမ်းအသွားအလာများပါ ကန့်သတ်ပိတ်ပင်ထားသည်။ ထို့ကြောင့် အဆိုပါစမ်းမြို့ရပ်ကွက်မှလွဲ၍ အခြားရပ်ကွက်များအတွင်း ဆိုင်ကယ်စျေးသည်များအားလုံး လှည့်လည်ရောင်းချခွင့်ရှိပြီး ယခင် Covid-19 ပထမလှိုင်းထက် ယခု Covid-19 ဒုတိယလှိုင်းကာလတွင် ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချသည့် စျေးသည် အဆမတန်များပြားလာကာ အများစုမှာလည်း အပြင်ထွက်လိုသူနည်းပါးသဖြင့် ဆိုင်ကယ်စျေးသည်များ ပိုမိုအလုပ်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here