ကလေးမြို့တွင် မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် တရုတ် 125 R နှင့် အိန္ဒိယ Ray Z များ ဝယ်လိုအားကျဆင်း

621

မန္တလေး၊ မေ

အခြားဒေသများ နေပူရှိန်မြင့်မားနေသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မေလဒုတိယပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် တရုတ် 125 R နှင့် အိန္ဒိယ Ray Z ဆိုင်ကယ်များ ဝယ်လိုအား ကျဆင်းနေကြောင်း ကလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများထံမှ စုံစမ်းသိရသည်။

”သကြင်္န်မတိုင်ခင်ကထက်စာရင် သကြင်္န်ပြီးကာလမှာ တရုတ် 125 R ရော Haojue Auto ဘီးလေးတွေရော အိန္ဒိယ YAMAHA Ray Z ဆိုင်ကယ်တွေရော အရောင်းသွက်တယ်၊ ဒါပေမယ့် ဒီရက်ပိုင်း မိုးက ဆက်တိုက်ရွာနေတော့ ရောင်းအားက ထက်ဝက်လောက်ကျသွားတယ်၊ စျေးအတက်အကျမရှိပေမယ့် မိုးက ဆက်တိုက်ရွာနေတော့ လာဝယ်သူတော်တော်နည်းသွားတယ်”ဟု ကလေးမြို့  စွမ်းထက်ဟိန်းဆိုင်ကယ်အရောင်းပြခန်းပိုင်ရှင် မယုယုယမင်း က ပြောသည်။

ကလေးမြို့နယ်တွင် ယခင်က  တရုတ် 125 R, Haojue Auto နှင့် အိန္ဒိယ Ray Z ဆိုင်ကယ်များ အပြင် ထိုင်း Honda Click, Scoopyi နှင့် ထိုင်း YAMAHA Fino ဆိုင်ကယ်များပါ အရောင်းသွက်ခဲ့သော်လည်း ယခုအခါထိုင်းဆိုင်ကယ်အပိုပစ္စည်းရှားပါးမှု၊ မိုဒယ်နိမ့်ဆိုင်ကယ်များတွင် ပစ္စည်းအာမခံချက်နည်းပါးမှုစသော အချက်များကြောင့် ယခုအခါ တရုတ် 125 R နှင့် Ray Z ဆိုင်ကယ်များသာ အနည်းငယ်ဝယ်ယူမှုရှိပြီး အရစ်ကျထက် လက်ငင်းဝယ်ယူသူ ပိုများပြားကြောင်း ကလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများထံမှ သိရသည်။

”မြို့အနေအထားနဲ့ ထိုင်းဘီး ဆိုင်ကယ်စီးတဲ့သူက နည်းနေသေးတယ်၊ များသောအားဖြင့်ချင်းတောင်ပေါ်နဲ့ ကလေးမြို့နယ် တောင်ပိုင်းဖက်ကျေးရွာတွေကလာဝယ်ကြတာများတယ်၊ တရုတ် 125 R ဘီးထဲမှာဆို ငါးသိန်းခွဲဝန်းကျင် တံဆိပ်သစ်ဆိုင်ကယ်လေးတွေကနေ စျေးအမြင့်တန်း New AnBo, KenBo ဆိုင်ကယ်တွေအထိ မျိုးစုံရောင်းရတယ်၊ ပြီးတော့ ရံဖန်ရံခါ ဝေဠုကျော်ဆိုင်ကယ် WLK Wave 110 ဆိုင်ကယ်လေးတွေလည်း လာရှာဝယ်တဲ့သူတွေရှိတယ်၊ ဒီရက်ပိုင်းက မိုးက ဆက်တိုက်ရွာနေတော့ တစ်ရက်ကို ၃ စီး၊ ၄ စီးလောက်ပဲ ပျှမ်းမျှရောင်းရတယ်”ဟု ကလေးမြို့ခံဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦး က ဆိုသည်။

ကလေးမြို့တွင် မေလဒုတိယပတ်အတွင်း NewAnBo 125R- ကျပ် ၆၈ဝ,ဝဝဝ၊ Haojue Auto- ကျပ် ၁,၂ဝဝ,ဝဝဝ သိန်းဝန်းကျင်၊ Haojue 110-6- ကျပ် ၉ဝဝ,ဝဝဝ ဝန်းကျင်၊ WLK Wave 110- ကျပ် ၇၂ဝ,ဝဝဝ၊ အိန္ဒိယ Ray Z-ကျပ် ၁,၅၃ဝ,ဝဝဝ စသောစျေးများတွင် အသီးသီးရှိနေကြောင်း ၎င်းစျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here