ကလေးမြို့တွင်  တရားမဝင်လိုင်စင်မဲ့ဆိုင်ကယ်ဆိုက်တွဲများအား အရေးယူပေးရန် သုံးဘီးဆိုင်ကယ် မောင်းသူများ  လက်မှတ်ရေးထိုးတောင်းဆို

709

ကလေးမြို့တွင် တရားမဝင်လိုင်စင်မဲ့ ဆိုင်ကယ်ဆိုက်တွဲများကြောင့် တရားဝင်လုပ်ငန်းလိုင်စင်ဖြင့် ပြေးဆွဲနေသော သုံးဘီးဆိုင်ကယ်မောင်းသူများ စီးပွားရေးထိခိုက်မှုများရှိနေသည်ဟုဆိုကာ သုံးဘီးဆိုင်ကယ် မောင်းသူဦးရေခုနစ်ဆယ်ကျော်က ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီထံ လက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း သိရသည်။

 

”တရားမဝင် လိုင်စင်မဲ့ဆိုင်ကယ် ဆိုက်တွဲတွေက အတားအဆီး မရှိ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်၊ သူတို့တွေက စည်းစောင့်တာလည်းမရှိ ခရီးသည်တွေဆိုလည်း အလုအယက်တင်ကြတာတွေရှိနေတော့ တရားဝင်လုပ်ငန်း လိုင်စင်ဆောင်ပြီး ပြေးဆွဲနေတဲ့ သုံးဘီးဆိုင်ကယ်သမားတွေမှာ အခက်အခဲအများကြီး တွေ့ရပါတယ်၊ စီးပွားရေးဘက်ကကြည့်ရင် လည်း အများကြီးနစ်နာရတဲ့အတွက် အခုလို လက်မှတ်ရေးထိုး တောင်းဆိုထားတာပါ”ဟု သုံးဘီး ဆိုင်ကယ်ဖြင့် တက္ကစီပြေးဆွဲနေသူ ကလေးမြို့ခံတစ်ဦးက ဆိုသည်။

 

သုံးဘီးဆိုင်ကယ်များသည် နိုင်ငံတော်မှချမှတ်ထားသည့် စည်း မျဉ်းဥပဒေများအရ ယာဉ်လိုင်စင်၊ လုပ်ငန်းလိုင်စင်များသာမက မြို့တွင်းပြေးဆွဲခွင့် အသင်းဝင်ကြေးများပါ ပေးသွင်းပြီး မစကမှ ချမှတ် ပေးထားသော ဂိတ်များတွင် ထိုး၍ မြို့တွင်း၊ မြို့ပြင် ခရီးသွားပြည်သူများကို ပို့ဆောင်ကာ စားဝတ်နေရေး ဖြေရှင်းရင်း တိုင်းပြည်အတွက် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခု စည်းကမ်းမဲ့ပြေးဆွဲနေသော ဆိုင်ကယ်ဆိုက်တွဲများမှာမူ တရားဝင်လုပ်ငန်းလိုင်စင် မရှိသည့်အပြင် အချို့ဆိုက်တွဲများမှာ ဆိုင်ကယ်လိုင်စင်ပင် မရှိဘဲ ပြေးဆွဲနေကြပြီး ယင်းသို့ပြေးဆွဲမှုကြောင့် တရားဝင်သုံးဘီးဆိုင်ကယ်များမှာ များစွာနစ်နာရသည့်အတွက် ယင်း တို့ကို ဆိုင်ကယ်ကယ်ရီအဖြစ်သာ ပြေးဆွဲခွင့်ပေးစေလိုကြောင်း လက် မှတ်ရေးထိုး တောင်းဆိုထားသည့် စာတွင် ဖော်ပြထားသည်။

 

”လိုင်စင်မဲ့ တရားမဝင် ဆိုင်ကယ်ဆိုက်တွဲတွေက ၂ဝ၁၅ ခုနှစ် ကလေးမြို့မှာ ရေကြီး၊ ရေလျှံမှု ဆိုးဆိုး ရွားရွားဖြစ်တဲ့ အချိန်ကတည်းက စပြေးခဲ့တယ်၊ အဲဒီအချိန်တုန်းက အများစု စားဝတ်နေရေးကျပ်တည်း နေကြတော့ စည်းကမ်းပျက်မောင်းနှင်တာတွေကအစ နားလည်မှုနဲ့ ခွင့် ပေးခဲ့ပေမဲ့ အခုအချိန်အထိ စည်းကမ်း လိုက်နာမှုမရှိဘူး၊ အခုဆိုရင် ၂ နှစ်ကျော်ပြီပေါ့၊ သူတို့တွေ စည်း ကမ်းမဲ့ပြီး တရားမဝင် ပြေးဆွဲတာက တရားဝင် သုံးဘီးဆိုင်ကယ်မောင်းသူတွေကို နစ်နာစေလို့ အခုလို အ ရေးယူပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်၊ခရိုင်စီမံခန့်ခွဲမှု ကော်မတီကိုတော့ ဆိုင်ကယ်ကယ်ရီလောက်ပဲ ခွင့်ပြုပေးပြီး ဆိုက်တွဲတွေကိုအရေးယူပေးဖို့ တောင်းဆိုထားတယ် ” ဟု ကလေးမြို့တွင်း ပြေးဆွဲနေသော သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ထပ်မံဆိုသည်။

 

ဆိုင်ကယ်ဆိုက်တွဲများ လိုင်စင်မဲ့ တရားမဝင်ပြေးဆွဲမှုများကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူများ နစ် နာနေမှုနှင့်ပတ်သက်၍ လတ်တလောတွင် ခရိုင်အုပ်ချုပ်ရေးမှူးက သတ်မှတ်ဂိတ်နေရာများ၊ သုံးဘီးဆိုင်ကယ် အစီးရေစာရင်းနှင့် အသေး စိတ်အချက်အလက်များကို စာရင်း ပြုစုခိုင်းထားပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ခြင်း မရှိသေးကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော် ယာဉ်များစနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီ(မစက) မှ သိရသည်။

 

”အမှန်တကယ်တော့ ဥပဒေအရဆိုရင် ဆိုင်ကယ်ဆိုက်တွဲက တရားမဝင်ဘူး၊ ဒေသလိုအပ်ချက်အရ နားလည်မှုနဲ့ ခွင့်ပြုပေးထားတာ၊ လောလောဆယ်တော့ ပြေးဆွဲနေတဲ့ သုံးဘီးဆိုင်ကယ်အစီးရေ စာရင်းနဲ့ အသေးစိတ် အချက်အလက်တွေ စာရင်းပြုစုနေတယ်၊ အဲဒီကောက်ခံရရှိတဲ့ ရလဒ်အပေါ်မူတည်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ဆုံးဖြတ် ချက်ချမယ်ထင်တယ်၊ စာရင်းပြုစုဆဲဆိုတော့ ဆိုင်ကယ်ဆိုက်တွဲတွေကိုလည်း ပုံမှန်ပြေးဆွဲခွင့်ပေးထားပါတယ်”ဟု မစက ဥက္ကဌ ဦးစိုးဝင်းက ရှင်းလင်းပြောဆိုသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here