ကလေးမြို့တွင် တစ်ပတ်ရစ်ဆိုင်ကယ်ရောင်းချသည့်ဆိုင် ကိုးဆိုင် ခန့်အထိရှိလာ

808

မန္တလေး၊ဧပြီ

ကလေးမြို့တွင် လွန်ခဲ့သည့်ငါးနှစ်ကျော်က ဆိုင်ကယ်အရောင်းပြခန်းများသာရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂ဝ၁၆ နှစ်လယ်ပိုင်းမှစ၍ဆိုင်ကယ်အဟောင်းဘီးများ သီးသန့် ရောင်းချသည့် တစ်ပတ်ရစ်ဆိုင်များပေါ်ပေါက်လာခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ် ဧပြီလကုန်ပိုင်းအထိ တစ်ပတ်ရစ် ဆိုင်ကယ်ရောင်းချသည့် ဆိုင်ကယ် ဆိုင် ကိုးဆိုင်ခန့်ရှိလာကြောင်း သိရသည်။

”လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ကလေးမြို့မှာ တစ်ပတ်ရစ်ဆိုင်ကယ်ရောင်းတဲ့ဆိုင်ဆိုလို့ တစ်ဆိုင် ပဲရှိတယ်၊ မနှစ်ကစပြီးတစ်ပတ်ရစ် ဘီးရောင်းတဲ့ဆိုင်လေးတွေပေါ်လာတာ အခုဆို ကိုးဆိုင် လောက်ရှိလာပြီ၊အရောင်းပြခန်းတွေရောပေါင်းရင်တော့ ၁၅ ဆိုင် အထက်မှာရှိမယ်”ဟု ကလေးမြို့ခံတစ်ဦးဖြစ်သူ  ဦးလင်းကိုကိုက ပြောသည်။

ကလေးမြို့နယ်အတွင်း ဆိုင်ကယ်အရောင်းပြခန်းများသည် အနည်းဆုံး ပေ ၂ဝ ပတ်လည်အကျယ်အဝန်းဖြင့် ဆိုင်ကယ်ရောင်းချကြသော်လည်း ဆိုင်ကယ်အဟောင်းသီးသန့်ရောင်းချသည့်ဆိုင်များမှာ မျက်နှာပွင့် ၁ဝ ပေအကျယ်အဝန်း ဖြင့် တစ်ပိုင်တစ်နိုင်ရောင်းချလာကြပြီး အချို့ဆိုင်များမှာဆိုင်ကယ်အသစ်ဘီးများနှင့် အဟောင်းဘီး မျှ၍ ရောင်းချမှုလည်းရှိကြောင်းဒေသခံများထံမှ သိရသည်။

”ကလေးမှာက ဆိုင်ကယ်အသစ်ရောင်းတဲ့ဆိုင်တွေပဲရှိတယ်၊အဟောင်းဘီးရောင်းတဲ့ဆိုင်နည်းနေသေးတာနဲ့ မတတ်နိုင်တဲ့အခြေခံလူတန်းစားတွေအဆင်ပြေအောင် ဆိုပြီး ဖွင့်ဖြစ်သွားတာပါ၊အဟောင်းဘီးရောင်းတာကတော့ ဆိုင်ခန်းအကျယ်ကြီးလည်း မလိုဘူး၊ အနည်းဆုံး ၁ဝ ပေလောက်ရှိရင်ရပြီ၊စီးပြီးသားဘီးတွေ အပြင်ကနေလာရောင်းရင်ဝယ်တယ်၊ပြီးရင်စီးကောင်းအောင်ပြင်ပြီး ပြန်ရောင်းတယ်၊ အဟောင်းဘီးဝယ်တဲ့အခါမှာလည်းခိုးဘီးတို့ ဥပဒေနဲ့မလွတ်ကင်းတဲ့ဆိုင်ကယ်တွေဆို မဝယ်ပါဘူး”ဟု တစ်ပတ်ရစ်ဆိုင်ကယ်ဆိုင် ဖွင့်လှစ်ထားသူ ကလေးမြို့ခံတစ်ဦး က ဆိုသည်။

ကလေးမြို့တွင် နှစ်နှစ်အတွင်း ဆိုင်ကယ်အဟောင်းဘီးသီးသန့် တစ်ပတ်ရစ်ဆိုင်ကယ်ဆိုင် ၉ ဆိုင်ခန့်ထိတိုးလာခဲ့သော်လည်း Brand New ဆိုင်ကယ်များရောင်းချသည့် အရောင်းပြခန်းများမှာမူ ဝယ်လိုအား ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ စျေးကွက်ဝေစုမျှနေကြောင်း ကလေးမြို့သီရိကမ္ဘာ ဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။

”ဆိုင်ကယ်အဟောင်းဘီး ရောင်းတဲ့ဆိုင်တွေပေါ်လာတာလည်း တကယ်မတတ်နိုင်တဲ့သူတွေအတွက် အဆင်ပြေသွားတာပေါ့၊ အဲဒီလိုဆိုင်တွေများလာပေမယ့် ကျွန်မတို့လိုအရောင်းပြခန်းတွေကို စျေးကွက်ထိခိုက်တာမျိုးတော့မရှိဘူး၊ စျေးကွက်ဝေစုမျှသွားတာပေါ့၊ အခု ဒီရက်ပိုင်းဆို တစ်ရက် ၆ စီး၊ ၇ စီး၊ တရုတ် 125 R နဲ့ အိန္ဒိယ Ray Z ဆိုင်ကယ်တွေပဲပုံမှန်ရောင်းနေရတယ်”ဟု သီရိကမ္ဘာဆိုင်ကယ် အရောင်းပြခန်းဖွင့်လှစ်ထားသူ မစန္ဒာက ပြောသည်။

ကလေးမြို့တွင် ဧပြီလကုန်ပိုင်း၌ တရုတ်တစ်ပတ်ရစ်ဆိုင်ကယ်များမှာ အနည်းဆုံးကျပ်တစ်သိန်း ကျော်မှ ကျပ် ၄ သိန်းအထိ အမျိုးမျိုးရှိပြီး Brand New ဆိုင်ကယ်များတွင် 125 R (New AnBo)-ကျပ် ၆၆ဝ,ဝဝဝ၊ Kamax CZI-ကျပ်၅၈ဝ,ဝဝဝ၊125 R (KenBo) ကျပ်၇၇ဝ,ဝဝဝ၊အိန္ဒိယ YAMAHA Ray Z ကျပ် ၁,၄၅ဝ,ဝဝဝ စ သည့် ပေါက်စျေးများတွင် အသီးသီးရှိနေကြောင်း ၎င်းစျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

 

ကျော်ကျော်အောင်(ကလေး)

LEAVE A REPLY

Please enter your comment!
Please enter your name here