ကလေးမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်

104

 

ကလေး၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် Covid-19 ပိုးတွေ့လူနာ များပြားနေဆဲဖြစ်သဖြင့် ကူးစက်ပြန့်ပွားမှုလျော့ကျစေရေး အပါအဝင် အခြားသော ဒုစရိုက်မှုများဖြစ်ပွားလာမည်စိုးသဖြင့် ညမထွက်ရအမိန့်ကို နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်လိုက်ပြီး ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ကား၊ ဆိုင်ကယ် စသည့် မည်သည့်ယာဉ်နှင့်မဆို အပြင်ထွက်သွားလာသူများအား အရေးယူသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

Covid-19 ကပ်ရောဂါသည် ကလေးမြို့တွင် ကူးစက်ပြန့်ပွားနှုန်း မြှင့်တက်နေဆဲဖြစ်သဖြင့် အချိန်မီ ထိန်းသိမ်းနိုင်ရန်အတွက် ယင်းသို့ ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်ထွက်သွားလာခြင်းမပြုရန် ထုတ်ပြန်ရခြင်းဖြစ်ကာ အရေးပေါ်ကိစ္စပေါ်ပေါက်လာပါက ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း၊ အဆိုပါအမိန့်သည် အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ယင်းအမိန့်ထုတ်ပြန်သည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ နှစ်လအတည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျုံးလျန်ထန်း ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်လိုက်သည့်အမိန့်စာတွင် ဖော်ပြထားသည်။

ကလေးမြို့တွင် ပြီးခဲ့သည့် Covid-19 ပထမလှိုင်းကာလကလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲကာလအတွင်း ညပိုင်းဆိုင်ကယ်စီးသွားလာသူများ အပါအဝင် လိုက်နာမှုမရှိသူ ၃၀ ဦးထက်မနည်း အရေးယူခဲ့ရပြီး မြို့နယ်တရားရုံးက ထောင်ဒဏ် သုံးလစီ ကျခံရန် အသီးသီး အမိန့်ချမှတ်ခဲ့သည်။ ထိုအချိန်က ညမထွက်ရအမိန့် မလိုက်နာသူများအား ထောင်ဒဏ် သုံးလ ချမှတ်မှုအပေါ် ညပိုင်းထွက်သူမျာသည် ရာဇဝတ်သားများမဟုတ်သည့်အတွက် အဆိုပါပြစ်ဒဏ်သည် များလွန်းလှပြီး ပြစ်ဒဏ်အများဆုံးအဖြစ် ထောင်ဒဏ် တစ်လသာ ချမှတ်သင့်ကြောင်း ဒေသခံများ၏ မှတ်ချက်ပေးမှုများလည်းရှိခဲ့သည်။

ယခု Covid-19 ဒုတိယလှှိုင်းကာလတွင်လည်း စက်တင်ဘာ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ကလေးမြို့တွင် Covid-19 အတည်ပြုလူနာ ၁၁၈ ဦး ရှိခဲ့ပြီး ဆေးရုံဆင်းလူနာ ၈၅ ဦးရှိခဲ့ကာ ယခုကုသဆဲဦးရေ ၃၇ ဦး ကျန်ရှိဆဲဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။ ယခုထပ်မံ၍ ညမထွက်ရအမိန့် ထုတ်ပြန်မှုအပေါ် အများစုက ကြိုဆိုကြပြီး မြို့သူမြို့သားများအားလုံး သိရှိစေရန် ရပ်ကွက်အလိုက် သံချဲ့စက်ဖြင့် လှည့်လည်ဆော်သြခြင်း လုပ်ဆောင်ပေးစေလိုကြောင်းနှင့် မလိုက်နာသူများကိုလည်း ထိထိရောက်ရောက် အရေးယူပေးစေလိုကြောင်း ကလေးမြို့ခံများက ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
Covid-19 ပထမလှိုင်းကာလက ညမထွက်ရအမိန့်ကျူးလွန်သူများအား အရေးယူခဲ့သည်ကို တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here