ကလေးမြို့တွင် ညမထွက်ရအမိန့်စတင်ချိန်မှ ကိုးရက်အတွင်း ဆိုင်ကယ်စီးနင်းသူများအပါအဝင် လိုက်နာမှုမရှိသူ ၃၁ ဦးအထိရှိခဲ့

406

 

ကလေး၊ မေ ၅

ကလေးမြို့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း ညပိုင်းဆိုင်ကယ်စီးသူများအပါအဝင် လိုက်နာမှုမရှိသူ ၃၁ ဦးအထိ ရှိခဲ့ပြီး အသက်ပြည့်သူ ၂၇ ဦးအား ထောင်ဒဏ် သုံးလ ချမှတ်အရေးယူခဲ့ကြောင်း ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

“Curfew အမိန့်ထုတ်ပြီး ရက်အနည်းငယ်ကြာတဲ့အချိန် ဧပြီ ၂၆ ရက်ညကစပြီး ည ၁၀ နာရီကနေ နံနက် ၄ နာရီအတွင်း ထွက်တဲ့သူတွေကို စတင်အရေးယူဖြစ်တယ်၊ ပထမနေ့ စတင်အရေးယူတဲ့ညမှာတင် ၁၃ ဦး အရေးယူရတယ်၊ ၁၃ ဦးထဲမှာ တစ်ဦးက အသက်မပြည့်လို့ ကျန် ၁၂ ဦးကိုတော့ နောက်ရက်မှာပဲ မြို့နယ်တရားရုံးက ထောင်ဒဏ် သုံးလ ချမှတ်ခဲ့တယ်၊ ကျန်တဲ့ရက်တွေမှာလည်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီနဲ့ ရဲတပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းတွေပေါင်းပြီး ညပိုင်းကင်းလှည့်ကြတဲ့အခါ တချို့ရက်တွေလည်း ဖမ်းမိတာ ရှိတယ်၊ တစ်ယောက်မှ အရေးမယူရတဲ့ရက်တွေလည်း ရှိတယ်၊ ဧပြီ ၂၆ ရက်ညကနေ မေ ၄ ရက်နံနက်အထိကို ကိုးရက်အတွင်း ၃၁ ယောက် အရေးယူထားရတယ်” ဟု ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကလေးမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃၄ မြို့နယ်၌ ည ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ညမထွက်ရ Curfew အမိန့်ကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည့်အတွက် ကလေးမြို့နယ်တွင် ဧပြီ ၂၆ ရက်ညပိုင်းမှစတင်၍ အဖွဲ့သုံးဖွဲ့ခွဲကာ ကင်းလှည့်မှုများ နေ့စဉ်လုပ်ဆောင်နေကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ထွေအုပ်၊ နယ်မြေခံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ခဲ့ပြီး စတင်ကင်းလှည့်ခဲ့သည့် ဧပြီ ၂၆ ရက် ညမှ မေ ၄ ရက် နံနက်ပိုင်းအထိ ညမထွက်ရအမိန့် လိုက်နာမှုမရှိသူ ၃၁ ဦးအား ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်မှု ပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့ရကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။

“ညပိုင်း ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သူတွေကို နေ့ခင်းရောက်တာနဲ့ မြို့နယ်တရားရုံးမှာ တရားစွဲတင်ပါတယ်၊ တရားရုံးက ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်မှုဖြစ်တဲ့အတွက် ထောင်ဒဏ် သုံးလ ချမှတ်အရေးယူပါတယ်၊ ဒီအချိန်က ဒေသန္တရတားမြစ်မိန့် ထုတ်ပြန်ထားတဲ့ကာလဖြစ်လို့ ပြည်သူလူထုအနေနဲ့ ညပိုင်းအပြင်မထွက်ဘဲ ပူးပေါင်းပါဝင်ပေးစေလိုပါတယ်” ဟု ကလေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဘိုဘိုအောင်က ဆိုသည်။

ထိုသို့ ကလေးမြို့တွင် ညမထွက်ရအမိန့် မလိုက်နာသူများအား ထောင်ဒဏ် သုံးလ ချမှတ်မှုအပေါ် ညပိုင်းထွက်သူမျာသည် ရာဇဝတ်သားများမဟုတ်သည့်အတွက် အဆိုပါပြစ်ဒဏ်သည် များလွန်းလှပြီး ပြစ်ဒဏ်အများဆုံးအဖြစ် ထောင်ဒဏ် တစ်လသာ ချမှတ်သင့်ကြောင်း ဒေသခံများ၏ ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ကျာ်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here