ကလေးမြို့တွင် ဆိုင်ကယ်အရောင်းပြခန်းများ နေ့စဉ်စျေးဦးပေါက်ရုံမျှသာ အ၀ယ်ရှိဟုဆို

75

 

က​လေး၊ ​အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် Covid-19 ရောဂါပိုးတွေ့ရှိသူ များလာပြီးနောက်ပိုင်း ဆိုင်ကယ်အရောင်းပြခန်းများလည်း စံချိန်တင်ရောင်းအားကျဆင်းသွားခဲ့ကာ လတ်တလောတွင် နေ့စဉ် စျေးဦးပေါက်ရုံမျှသာ အ၀ယ်ရှိကြောင်း ဒေသခံ ဆိုင်ကယ်ရောင်း၀ယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“Covid-19 ပိုးတွေ့တာတွေ များလာပြီးနောက်ပိုင်း ဆိုင်ကယ်ရောင်းအား လုံး၀ ထိုးကျသွားတယ်ပေါ့၊ တချို့ရက်တွေလည်း စျေးဦးမပေါက်ဘူး၊ တချို့ရက်တွေလည်း စျေးဦးပေါက်တယ်၊ တစ်ရက်တစ်စီးလောက်ပေါ့၊ ရှေ့လျှောက် ပိုးတွေ့လူနာ ဒီထက်ပိုများလာရင်တော့ ဆိုင်ပိတ်ရမယ့်အနေအထားရှိတယ်” ဟု ကလေးမြို့ သီရိကမ္ဘာဆိုင်ကယ်အရောင်းပြခန်းပိုင်ရှင် မစန္ဒာက ပြောကြားသည်။

ကလေးမြို့ရှိ ဆိုင်ကယ်အရောင်းပြခန်းများသည် ကလေးတောင်ပိုင်းဒေသကျေးရွာများ၊ ကလေး-တမူးလမ်းဘေးရှိ ကျေးရွာများနှင့် ချင်းတောင်ပေါ်မှ ဆိုင်ကယ်လာရောက်၀ယ်ယူသူ အများစုဖြစ်ပြီး ယခုအခါ Covid-19 ရောဂါဖြစ်ပွားနေချိန် စီးပွားရေးကျပ်တည်းမှုများကြောင့် ဆိုင်ကယ်လာရောက်၀ယ်ယူသူ မရှိသလောက်ဖြစ်သွားကြောင်း၊ ကလေးမြို့တွင် ရပ်ကွက်ပေါင်း နှစ်ဆယ်ရှိသည့်အနက် လတ်တလော၌ စမ်းမြို့ရပ်ကွက် တစ်ရပ်ကွက်တည်းသာ Stay at Home သတ်မှတ်ထားသည့်အတွက် ကျန်ရပ်ကွက်များတွင် တည်ရှိသော ဆိုင်ကယ်အရောင်းပြခန်းများမှာ ပုံမှန်အတိုင်း ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ဒေသခံဆိုင်ကယ်ရောင်း၀ယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“တစ်မြို့လုံး Stay at Home သတ်မှတ်ရင်တော့ ဆိုင်ကယ်ဆိုင်တွေလည်း အားလုံးပိတ်ကြရမယ်၊ လောလောဆယ် စမ်းမြို့ရပ်ကွက်ထဲမှာပါတဲ့ ဆိုင်ကယ်ဆိုင်တချို့တော့ ပိတ်ထားရတယ်၊ တခြားရပ်ကွက်တွေထဲမှာရှိတဲ့ ဆိုင်ကယ်ဆိုင်တွေတော့ ဖွင့်ထားဆဲပေ့ါ၊ Covid-19 ပိုးကြောက်လို့ ကျွန်မတို့လည်း ပိတ်ထားချင်ပေမဲ့ ဆိုင်ခန်းလစာ၊ ၀န်ထမ်းလစာတွေက ရှိနေတော့ အနည်းငယ်ကာဗာရအောင်ဆိုပြီး ရောင်းနေသေးတယ်၊ ဆိုင်ဖွင့်ထားပေမဲ့ တစ်ရက်တစ်ရက် စျေးဦးပေါက်ဖို့ အ​တော်ပြောရောင်းရတယ်၊ ကလေးတောင်ပိုင်းကျေးရွာတွေရဲ့ ၀ယ်လိုအားကို အားထားရောင်းရတော့ အခု အဲဒီရွာတွေကလည်း ဆိုင်ကယ်၀ယ်မလာသလောက်ဖြစ်နေတယ်” ဟု ကလေးမြို့ စွမ်းထက်ဟိန်းဆိုင်ကယ်အရောင်းပြခန်းပိုင်ရှင် မယုယုယမင်းက ဆိုသည်။

ကလေးမြို့တွင် ယခု Covid-19 ဒုတိယကာလအတွင်း တန်ဖိုးကြီးဆိုင်ကယ်များထက် တရုတ်နိုင်ငံထုတ် KENBO 125 R, Canda 125 R နှင့် NewAnBO 125 R ဆိုင်ကယ်များသာ အ၀ယ်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

Covid-19 ဒုတိယလှိုင်းကာလ ယခင်ထက် အသွားအလာ​လျော့ပါး​နေသည့် က​လေးမြို့ ဗိုလ်ချုပ်လမ်းပိုင်းတစ်နရာအား ​တွေ့ရစဥ်။

LEAVE A REPLY

Please enter your comment!
Please enter your name here