ကလေးမြို့တွင် ဆိုင်ကယ်ဖြင့် လုယက်မှုများ ထပ်မံဖြစ်ပွားလာသည့်အတွက် သတိပြုသွားလာရန် လိုအပ်

389

 

က​လေး၊ ​အောက်တိုဘာ ၇

ကလေးမြို့တွင် အောက်တိုဘာ ၅ ရက်က ဒုတိယယာဉ်သွားယာဉ်လာအများဆုံးဖြစ်သည့် ပင်လုံလမ်းမတော်လမ်းမကြီးတွင် ဆိုင်ကယ်ဖြင့် လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ယခု Covid-19 ဒုတိယလှိုင်းကာလတွင် ဆိုင်ကယ်အသုံးပြု၍ လုယက်မှုများ ထပ်မံပေါ်ပေါက်လာသဖြင့် ပြည်သူလူထုအနေဖြင့် သတိပြု၍သွားလာသင့်ကြောင်း ဒေသခံအချို့နှင့် ရဲအရာရှိများက ပြောကြားသည်။

“တစ်နေ့ကပဲ ပင်လုံလမ်းမတော်က ထီဆိုင်တစ်ဆိုင်ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ယောက်ဆီက 125 ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ပိုက်ဆံအိတ်လုတဲ့ဖြစ်စဉ် ဖြစ်သွားခဲ့တယ်၊ အမျိုးသမီးက ပိုက်ဆံအိတ်ကို ဆိုင်ကယ်ရှေ့ခြင်းတောင်းထဲ ထည့်ထားတယ်၊ အဲဒီမှာ ဆိုင်ကယ်စီးအမျိုးသားနှစ်ယောက်က အဲဒီပိုက်ဆံအ်ိတ်ကို လှမ်းဆွဲလုပြေးတာ၊ လုခံရတဲ့အမျိုးသမီးက အော်တော့ ရပ်ကွက်က တချို့ ဝိုင်းလိုက်ကြပေမဲ့ မမီလိုက်တော့ဘူး၊ မမိလိုက်ဘူးပေါ့၊ ဒီအချိန်မှာ စီးပွားရေးကျပ်တည်းနေကြတော့ သွားတာလာတာ သတိပြုသွားလာသင့်တယ်”ဟု ယင်းဖြစ်စဉ်ကို အနီးကပ်မြင်ခဲ့ရသူ ဒေသခံတစ်ဦးက ပြောကြားသည်။

ကလေးမြို့တွင် ယခင်ကလည်း ဆိုင်ကယ်ဖြင့်လုယက်သည့်ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပေါ်ခဲ့ဖူးပြီး လုယက်သူများအား ဖမ်းဆီးရမိပြီးနောက်ပိုင်း ထိုကဲ့သို့ လုယက်မှုဖြစ်စဉ်များ မကြားရတော့သည်မှာ လပေါင်းများစွာကြာနေပြီဖြစ်ကြောင်း၊ ယခုအခါ Covid-19 ဒုတိယလှိုင်းကာလအတွင်း တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သဖြင့် ဆိုင်ကယ်နှင့် နေ့စဉ်သွားလာသူများအနေဖြင့် ဂရုပြု၍ မောင်းနှင်သွားလာသင့်ကြောင်း ဒေသခံအချို့နှင့် ရဲအရာများက အကြံပြုပြောဆိုသည်။

“လုယက်ခံရတဲ့ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင် များသောအားဖြင့် အမျိုးသမီးတွေ ကြုံကြရတာများတယ်၊ အဲဒီလိုမဖြစ်ဖို့ဆိုရင် ဆိုင်ကယ်စီးတဲ့အမျိုးသမီးတွေကိုယ်တိုင်ကလည်း ဆင်ခြင်သင့်တယ်၊ သတိပြုသင့်တယ်၊ အများစုက ပိုက်ဆံအိတ်ဆိုရင် ဆိုင်ကယ်လက်ကိုင်မှာချိတ်တယ်၊ ဒါမှမဟုတ် ဆိုင်ကယ်ရှေ့ခြင်းတောင်းထဲမှာ ထည့်တယ်၊ တချို့ဆို ဘေးပခုံးလေးမှာ ဒီတိုင်းလေး လွယ်ထားတယ်၊ ပြောချင်တာက သူတို့ကိုယ်တိုင် အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်နေတာပေါ့နော်၊ သေချာတာက ပိုက်ဆံအိတ်တွေအားလုံး လူအားနဲ့ဆောင့်ဆွဲလိုက်ရင် ပြတ်ကြမှာချည်းပဲ၊ ပြတ်ပါနိုင်ဖို့ လွယ်လွယ်လေးဖြစ်နေတာပေါ့၊ ဒါတွေကို ဆိုင်ကယ်စီးတဲ့အမျိုးသမီးတိုင်း သိထားဖို့လိုတယ်၊ အန္တရာယ်ဖိတ်ခေါ်သလိုမဖြစ်အောင် နေထိုင်သွားလာဖို့လိုတယ်” ဟု ကလေးမြို့ခံတစ်ဦးဖြစ်သူ ဦးကြည်ရအောင်က အကြံပြုသည်။

ကလေးမြို့တွင် ဆိုင်ကယ်လုယက်မှုများ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်၍ ကလေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဘိုဘိုအောင်ထံ ဆက်သွယ်မေးမြန်းရာ ” ဒီကာလက စီးပွားရေးကျပ်တည်းတော့ စားစရာမရှိတဲ့အချိန်မှာ ဒုစရိုက်လုပ်လာကြတာလို့မြင်တယ်၊ အဲဒီလို ဒုစရိုက်မှုတွေ၊ ဥပဒေမဲ့လုပ်တဲ့ကိစ္စတွေအားလုံး ကာကွယ်နိုင်အောင် ဖမ်းဆီးနိုင်အောင်လို့လည်း ကျွန်တော်တို့ရဲတပ်ဖွဲ့၀င်တွေ ညတိုင်း လှည့်ကင်းရော၊ ၀ပ်ကင်းရော နေ့စဉ်ဆောင်ရွက်နေတယ်၊ ရဲတပ်ဖွဲ့ဘက်ကလည်း တတ်နိုင်သမျှ ဒုစရိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးပေးမယ်၊ ဒါနဲ့ လုယက်မှုဖြစ်စဉ်အများစုမှာ ကြုံကြရတဲ့ဟာရှိတယ်၊ အဲဒါဘာလဲဆိုရင် ဆိုင်ကယ်စီးသူဘက်ကလည်း အန္တရာယ်မဖိတ်ခေါ်အောင် သေချာလုပ်ဆောင်ထားသင့်တယ်၊ တချို့ဆို ဖုန်းလုခံလိုက်ရတယ်၊ ဖုန်းဘယ်မှာထားလဲဆိုရင် ဆိုင်ကယ် ရှေ့ Tool Box လေးထဲမှာ ထည့်ထားတယ်၊ ပြီးတော့ လမ်းဘေးမှာ ဆိုင်ကယ်ခဏရပ်ထားတုန်း ပါသွားတယ်၊ အဲဒီလိုမျိုးပေါ့၊ တခြား လုယက်ခံရတဲ့ဖြစ်စဉ်တွေ ကြည့်လိုက်ရင်လည်း အဲဒီလိုမျိုး ပေါ့ဆကြလို့ ဖြစ်တာတွေ များတယ်၊ ဒါတွေကို ပြည်သူလူထုဘက်ကလည်း ဂရုစိုက်သွားလာမယ်၊ ကျွန်တော်တို့ရဲတပ်ဖွဲ့ကလည်း ကြိုးစားလုပ်ဆောင်ပေးမယ်ဆိုရင် အမှုအခင်းဆိုတာ နည်းသွားမှာ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here