ကလေးမြို့တွင် ဆိုင်ကယ်ဆိုက်တွဲများ ဝင်ငွေထက်ဝက်ကျော်ကျဆင်း

280

 

ကလေး၊ မေ ၃၁

ကလေးမြို့နယ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက Star at Home အစီအစဉ် ပြန်လည်ပယ်ဖျက်ပေးပြီးနောက်ပိုင်း လုပ်ငန်းအချို့ ပြန်လည်လည်ပတ်နေပြီဖြစ်သကဲ့သို့ ဈေးရောင်းဈေးဝယ်များကို အမှီသဟဲပြုပြေးဆွဲနေသည့် ဆိုင်ကယ်ဆိုက်တွဲများ အငှားလိုက်နေရပြီဖြစ်သော်လည်း ယခင်ထက် ဝင်ငွေထက်ဝက်ကျော် ကျဆင်းနေကြောင်း သိရသည်။

” ကျွန်တော်တို့ဆိုက်တွဲတွေက မီးခွက်ဈေးထွက်တဲ့ဈေးသည်တွေ မြို့ထဲ အလေးအပင်ပစ္စည်းတွေဝယ်တဲ့အခါမှာ ဖုန်းဆက်လှမ်းခေါ်ငှားကြတာများတယ်၊ များသောအားဖြင့်တော့ အသိမိတ်ဆွေတွေက ဖုန်းဆက်ခေါ်ကြတာ။ အပြင်မှာ ဂိတ်သွားထိုးရတာမျိုး၊ ခရီးသည်သီးသန့်လိုက်ရှာရတာမျိုး၊ကုန်ပစ္စည်းအတင်ငှားဖို့ လိုက်ဆပ်ရတာမျိုးတော့ မရှိဘူး၊ လောလောဆယ်မှာ ဆိုက်တွဲအငှားလိုက်ရပေမယ့် Covid-19 မဖြစ်ခင်တုန်းကလိုတော့ ဝင်ငွေမကောင်းသေးဘူးပေါ့၊ အရင်ကဆို တစ်ရက် သုံးသောင်း၊ လေးသောင်း ပုံမှန်ရတယ်၊ အခု တစ်ရက်မှ တစ်သောင်းကျော်လောက်ပဲရတယ်၊ အရင်ထက်စာရင် ဝင်ငွေထက်ဝက်ကျော် ကျသွားတာပေါ့ * ဟု ဆိုင်ကယ်ဆိုက်တွဲမောင်းနှင်နေသူ ကလေးမြို့ခံ ဦးကြီးမြင့်က ပြောကြားသည်။

ကလေးမြို့တွင် တစ်နိုင်ဝန်အိမ်အသုံးအဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ စသည့် ပေါ့ပါးသည့် ကုန်ပစ္စည်းများတင်ဆောင်ရာ၌ လုပ်ငန်းသုံးကားများထက် ဒေသလုပ် ဆိုင်ကယ်ဘေးတွဲ (ခေါ်) ဆိုက်တွဲများဖြင့်သာ သယ်ယူပို့ဆောင်ကြကြောင်း၊ ထို့ပြင် ဆိုက်တွဲများကို ကုန်ပစ္စည်းများသာမက နံနက်ခင်း မီးခွက်ဈေးသို့ ဈေးသွားရောက်ဝယ်သူများ၊ ဆေးရုံဆေးခန်း သွားပြသူများနှင့် မြို့တွင်း ဈေးသွားဝယ်လိုသည့် သက်ကြီးရွယ်အိုများလည်း ငှားရမ်းအသုံးပြုကြလေ့ရှိကာ လတ်တလောတွင်မူ အငှားလိုက်ရမှုနည်းနေသေးကြောင်း ဆိုက်တွဲပြေးဆွဲနေသူများထံမှ သိရသည်။

“လောလောဆယ်က ဆေးရုံဆေးခန်းသွားတဲ့သူလောက်နဲ့
ပစ္စည်းအတိုအစလေးတွေ အနည်းငယ်လောက်ပဲ ပို့ပေးရတာရှိတယ်၊ Covid-19 ရောဂါတွေ လုံးဝငြိမ်သွားမှပဲ လုပ်ငန်းတွေ ကောင်းကောင်းပြန်လည်ပတ်တော့မှာ၊ လုပ်ငန်းတွေ ပြန်လည်ပတ်မှ ကျွန်တော်တို့ဆိုက်တွဲတွေလည်း ပြန်အဆင်ပြေမှာ “ဟု ဆိုင်ကယ်ဆိုက်တွဲဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေသည့် ကလေးမြို့ခံ ကိုညီညီအောင်က ဆိုသည်။

ကလေးမြို့တွင် ဒေသတွင်းကုန်စည်စီးဆင်းမှုအတွက် ဒေသလုပ် ဆိုင်ကယ်ဘေးတွဲ (ခေါ်) ဆိုက်တွဲဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေသည့် ဆိုက်တွဲမောင်းသူ ခြောက်ရာဦးကျော်ရှိပြီး အများစုမှာ ဆိုက်ကားနင်းခဲ့သူများ၊ မြင်းလှည်းမောင်းခဲ့သူများနှင့် အခြေခံလူတန်းစားများ ဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here