ကလေးမြို့တွင် ကုန်စည်ပို့ဆောင်ရေးကားများကို Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးမှု နှစ်ရက်တိတိ ခေတ္တရပ်နားမည်

84

 

ကလေး၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကုန်စည်ပို့ဆောင်ရေးကားများကို Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးမှုကို လာမည့် အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် နှစ်ရက်တိတိ ခေတ္တရပ်နားသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“အဲဒီနှစ်ရက်က တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံတဲ့လုပ်ငန်းတွေ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ မအားလပ်တာကြောင့် ခေတ္တရပ်နားမှာဖြစ်ပါတယ်၊ ပြီးတာနဲ့ ပြန်လည်စတင်သွားမှာပါ” ဟု အဆိုပါကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။
အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွံင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဒေသအသီးသီးရှိ သတ်မှတ်ထားသော ကျေးလက်ကျန်းမာရေးဆေးခန်းများ၌ ယခင်စာရင်းကောက်ယူထားသော အသက် ကိုးနှစ်မှ ၁၀ နှစ်အတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါနေ့များတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အားလပ်မှုမရှိခြင်းကြောင့် အရေးကြီးကုန်စည်ကားများကို Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးခြင်းအား ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“အခုနောက်ပိုင်းက ကလေးမြို့လာတဲ့ကုန်ကားတွေအများစုက စစ်ကိုင်းတိုင်းအဝင် စစ်ဆေးရေးဂိတ်တွေမှာ ဖြတ်ပြီးမှလာရတာဖြစ်တော့ ဖြတ်ခဲ့ရတဲ့ တိုင်းဒေသကြီးအဝင် ဂိတ်တစ်ခုခုမှာ Covid-19 ပိုးရှိမရှိ စစ်ဆေးခဲ့ပြီးပြီ၊ စစ်ဆေးခဲ့တဲ့ Negative ဖြစ်ကြောင်း လက်မှတ်ပြပြီး သတ်မှတ်ချက်နဲ့ကိုက်ညီတယ်ဆိုရင် ကလေးမြို့ထဲ ဝင်ခွင့်ပေးတယ်၊ ပြီးရင် ကားသမားတွေကို သီတဂူဆေးရုံက Quarantine စင်တာမှာ ထားတယ်၊ အဲဒီကနေ ဘယ်မှမသွားရဘူးပေါ့၊ ပြီးမှ နောက်ရက် ကလေးမြို့ကနေ ကားပြန်ထွက်တော့မယ်ဆိုမှ Covid-19 ပိုးရှိမရှိ စစ်ဆေးပေးလိုက်တာ၊ ပိုးမတွေ့ရင်တော့ ကားထွက်ခွင့်ရတယ်၊ ပိုးတွေ့ရင်တော့ ပိုးတွေ့လူနာတွေထားတဲ့ တိုင်းရင်းဆေးရုံမှာ ဆေးကုသမှုခံယူရမယ်ပေါ့၊ အခုလည်း နှစ်ရက်ပိတ်တဲ့နေ့ကျရင်တော့ အဝင်ကားတွေက တိုင်းဒေသကြီးအဝင်ဂိတ်တစ်ခုခုက ပေးလိုက်တဲ့ ပန်းရောင်စာရွက်လေးပြပြီး သတ်မှတ်ချက်နဲ့ကိုက်ညီရင် ဝင်လို့ရတယ်၊ အထွက်ကားတွေကတော့ အဲဒီနှစ်ရက် ခေတ္တနားရမယ့်အနေအထားတော့ရှိတာပေါ့ * ဟု ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ (မစက) ဥက္ကဌ ဦးစိုးဝင်းက ဆိုသည်။

ကလေးမြို့မှ ထွက်ခွာကြမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို အောက်တိုဘာ ၆ ရက်မှစ၍ Test Kit ဖြင့် နေ့စဉ်စစ်ဆေးပေးခဲ့ရာ တစ်ဦးသာ Covid-19 ပိုးတွေ့ရှိထားကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ကလေး-ကလေး၀လမ်းဘေး ကလေးမြို့အထွက်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးပေးနေစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here