ကလေး၊ စက်တင်ဘာ ၁၉
Covid-19 ရောဂါပိုးတွေ့ရှိထားသော ကလေးမြို့တွင် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရန် ကား၊ ဆိုင်ကယ်၊ စက်ဘီး စသည်ဖြင့် မြို့တွင်း သွားလာသူများအားလုံး Mask တပ်ဆင်သွားလာရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက လာမည့် စက်တင်ဘာ ၂၁ ရက်မှစ၍ အရေးယူသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။
“လောလောဆယ်တော့ Mask Campaign ကို နှစ်ရက်ထပ်တိုးလုပ်မယ်၊ ဒီနေ့ရယ်၊ မနက်ဖြန်ရယ်၊ ပြီးတာနဲ့ ၂၁ ရက်ကစပြီး Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာသူတွေကို အရေးယူသွားမယ်” ဟု အဆိုပါရုံးမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် Covid-19 ပထမလှိုင်းကာလကလည်း ကလေးမြို့သည် Covid-19 ရောဂါပိုး စတင်တွေ့ရှိခဲ့ရာဒေသဖြစ်ခဲ့သည့်အတွက် မြို့၀င်မြို့ထွက်များတွင် အထူးကြပ်မတ်ခဲ့ရကာ ယခု ဒုတိယလှိုင်းကာလတွင်လည်း Covid-19 ရောဂါပိုးတွေ့ရှိသူ သုံးဦးရှိနေသည့်အတွက် မြို့တွင်းသွားလာမှုများပါ Mask တပ်ဆင်သွားလာကြရန် အသိပေးထားကြောင်း ကလေးမြို့နယ် စိမံခန့်ခွဲမှုကော်မတီမှ ထပ်မံသိရသည်။
“အရင်တစ်ခေါက် ပထမလှိုင်းတုန်းကလည်း Mask မတပ်လို့ ရှောင်တစ်ခင်စစ်ဆေးအရေးယူခဲ့တာတွေရှိတယ်၊ အခုလည်း ရွေ့လျားစနစ်နဲ့ ဌာနပေါင်းစုံပူးပေါင်းပြီး ရှောင်တစ်ခင်စစ်သွားမယ်၊ Mask မတပ်တာတွေ့ရင် အရေးယူသွားမယ် ” ဟု အဆိုပါရုံးမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။
ကလေးမြို့တွင် လက်ရှိဉ် Covid-19 ရောဂါပိုးတွေ့ရှိထားသူများအား တိုင်းရင်းဆေးရုံတွင် ကုသပေးလျက်ရှိပြီး ပြည်ပပြန်နှင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း စသော Covid-19 ရောဂါပိုးတွေ့ရှိရာဒေသများမှ ပြန်လာသူများကို ကလေးတက္ကသိုလ်ရှိ Quarantine Center အသီးသီးတွင် ထားရှိပေးထားကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)