ကလေးမြို့တွင် ကားထက် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးသူ များပြားလျက်ရှိပြီး ကျန်းမာရေး လမ်းညွန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနေဟုဆို

212

 

ကလေး၊ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့တွင် ကညနရုံး ပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း ကားထက် ဆိုင်ကယ် လိုင်စင် သက်တမ်းတိုးသူများပြားလျက်ရှိပြီး ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ ဝန်ဆောင်မှုပေးနေကြောင်း ကလေးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန (ကညန)မှ သိရသည်။

“ရုံးပြန်ဖွင့်စတုန်းကဆိုရင် ဆိုင်ကယ်လိုင်စင် သက်တမ်းတိုး တာက တစ်ရက်ကို အစီး ၁၈ဝ လောက် ရှိတယ်၊ အခုတော့ တစ်ရက် အစီး ရှစ်ဆယ်နဲ့ တစ်ရာကြား ဖြစ်သွားတယ်၊ ကားထက်စာရင် ဆိုင်ကယ်က အစီးရေ တော်တော် များတယ်”ဟု အဆိုပါဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်သက်သက်ညွန့်က ပြောသည်။

Covid-19 ရောဂါကြောင့် ကညနရုံးများတွင် ယာဉ်သက်တမ်း တိုးခြင်း လုပ်ငန်းများနှင့် အခြားဝန် ဆောင်မှု ပေးနေသော လုပ်ငန်းများ အားလုံး ရပ်နားထားခဲ့ရပြီး ကလေး ခရိုင် အပါအဝင် မြန်မာတစ်နိုင်ငံ လုံးရှိ ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးခြင်းနှင့် မော်တော်ယာဉ် သက်တမ်းတိုးခြင်းတို့ကို ဇွန် ၈ ရက် မှစ၍ ပြန်လည်ဝန်ဆောင်မှု ပေးခဲ့ ကြောင်း၊ ထိုသို့ ဝန်ဆောင်မှု ပြန် ပေးရာတွင် ကညနရုံးသို့ လာ ရောက်သူတိုင်း အပူချိန်တိုင်းတာ စစ်ဆေးမှုများ လုပ်ဆောင်နေသည့် အပြင် နာမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် စသည်တို့ကို မှတ်တမ်း တင်ထားကာ Mask တပ်ကြရန်ပါ အသိပေးနှိုးဆော်မှုများ လုပ်ဆောင် နေကြောင်း အဆိုပါရုံးမှ သိရသည်။

“ဆိုင်ကယ်လိုင်စင် သက် တမ်းတိုးပေးတဲ့အခါမှာ ရုံးချုပ်က ထုတ်ပြန်ထားတဲ့အတိုင်း ဧပြီလ၊ မေလ၊ ဇွန်လကုန်မှာ သက်တမ်း ကုန်ဆုံးမယ့် ဆိုင်ကယ်တွေဆိုရင် ဒဏ်ကြေး ကင်းလွတ်ခွင့် ပြုထားတယ်၊ ပြီးတော့ဒီမှာက ဆိုင်ကယ် အစီးရေများပေမဲ့ နေ့ချင်းပြီး လုပ်ပေးတယ်၊ အလွန်ဆုံး နောက်ကျမှ နှစ်ရက်အတွင်းရအောင် ဆောင်ရွက်ပေးတယ်၊ အဲဒီလိုလုပ်ဆောင် တဲ့အခါမှာလည်း ကျန်းမာရေး ဝန်ကြီးဌာနက လမ်းညွန်ထားတဲ့ အတိုင်း Social Distancing ရအောင်နဲ့ သတ်မှတ်စည်းကမ်းချက် တွေအတိုင်း လုပ်ဆောင်ပေးနေတယ်”ဟု ကလေးခရိုင် ကညနရုံး မှ တာဝန်ခံအင်ဂျင်နီယာ ဦးသန်းနိုင်က ဆိုသည်။

ကားလိုင်စင် သက်တမ်းတိုး လာရောက် ဆောင်ရွက်မှုများကို ကလေးခရိုင် ကညနရုံးအတွင်းသို့ ကားနှင့်အတူ နှစ်ဦး ဝင်ခွင့်ပေးထားပြီး ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးပါက ရုံးအတွင်းသို့ တစ်ဦး သာ ဝင်ခွင့်ပေးထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here