ကလေးမြို့ကို Lockdown ပြုလုပ်ဦးမည်မဟုတ်

68

 

ကလေး၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် Covid-19 ရောဂါပိုးတွေ့လူနာ များပြားလာသည့်အတွက် ရွေးကောက်ပွဲပြီးသွားပါက Lockdown ပြုလုပ်မည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ဘဲ နိုဝင်ဘာ ၉ ရက်က ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ Lockdown ပြုလုပ်သွားဦးမည်မဟုတ်ကြောင်း ကလေးမြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ရွေးကောက်ပွဲပြီးရင် ကလေးတစ်မြို့လုံး Lockdown ချမယ်ဆိုတာ ကောလာဟလပဲ ဖြစ်ပါတယ်၊ သတင်းမှားပေါ့၊ မနေ့ကပဲ အစည်းအဝေးလုပ်တဲ့အခါမှာ Lockdown မချဘူးဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု အဆိုပါကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

ကလေးမြို့တွင် ယခု Covid-19 ဒုတိယလှှိုင်းကာလ စက်တင်ဘာ ၁၀ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ Covid-19 ပိုးတွေ့ရှိသူ ၁၀၈ ဦး ရှိခဲ့သည့်အနက် ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြုပြီးသူ ၆၁ ဦးရှိခဲ့ကာ လက်ရှိအချိန်အထိ ကုသနေရဆဲဦးရေ ၄၇ ဦးရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပမှ ကလေးမြို့သို့ လာရောက်သူများကို Home Quarantine ၊ သို့မဟုတ် Community Based Facility Quarantine Center များတွင် ထားရှိ၍ Stay at Home သတ်မှတ်ရန်လိုအပ်သည့်နေရာများတွင်မူ လမ်းအသွားအလာကန့်သတ်မှု လုပ်ဆောင်သွားရန်ရှိကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“မနေ့က အစည်းအဝေး ဆုံးဖြတ်ချက်အရတော့ ပိုးတွေ့လူနာများတဲ့နေရာတစ်ဝိုက် ရပ်ကွက်ထဲက နယ်မြေအချို့ကိုတော့ အသွားအလာ တင်းတင်းကြပ်ကြပ်ဆောင်ရွက်ပြီး အသေးစားပိတ်ဆို့မှုလုပ်သွားဦးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်၊ ကလေးတစ်မြို့လုံး Lockdown ချမှာဆိုတာ လုံးဝမဟုတ်ပါဘူး” ဟု အဆိုပါကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ် Kalay Volunteer အဖွဲ့၏ ဦးဆောင်သူလည်းဖြစ်သူ ကိုမင်းနိုင်စိုးက ဆိုသည်။

ကလေးမြို့တွင် လက်ရှိအချိန်အထိ အောင်သစ္စာရပ်ကွက်အတွင်းရှိ နယ်မြေ ၃ နှင့် နယ်မြေ ၄ ၊ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ နယ်မြေ ၈ အပါအဝင် တပ်ဦးသီတာရပ်ကွက်အတွင်းရှိ နေရာအချို့ကို Stay at Home သတ်မှတ်၍ လမ်းအသွားအလာများ ယာယီကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Kalay Volunteer
Covid-19 ပိုးတွေ့ရှိသူများနှင့် ဆက်စပ်ခဲ့သည့် နေအိမ်များသို့ Mobile Protective Chamber Car ဖြင့် Swab နမူနာယူရန် ပြင်ဆင်နေမှုအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here