ကလေးခရိုင်အတွင်းရှိ  SGG လိုင်စင်ကားများကို ဘီးခွန် စတင်ကောက်ခံ

531

ကလေး၊ မေ

ကလေးခရိုင်အတွင်းရှိ SGG လိုင်စင်ကားများနှင့် စစ်ကိုင်းတိုင်းအခြေစိုက် ဆိုင်ကယ်များကို ယခုလလယ်ပိုင်းမှစ၍ ခရိုင်ကညနရုံး၌ ဘီးခွန်များ စတင်ကောက်ခံလျက်ရှိ ပြီး ဘီးခွန်ပေးဆောင်ပြီးပါက စစ်ကိုင်းတိုင်းအတွင်းရှိ မည်သည့် မြို့နယ်တွင်မဆို မြို့ဝင်ဘီးခွန် ပေးဆောင်ရန် မလိုတော့ကြောင်း ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

”ဒီနှစ်အတွက် ဘီးခွန်ကို ကညနရုံးမှာ သက်တမ်းလာတိုးတဲ့ SGG လိုင်စင်ကားတွေနဲ့ ဆိုင်ကယ်တွေဆီကနေပဲ ကောက်ခံလိုက်တော့တယ်”ဟု ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မြို့ဝင်ကြေးနှင့် ဘီးခွန် စသည့် စည်ပင်သာယာရေးဆိုင်ရာ အခွန်အခများ ကောက်ခံခြင်းနည်းဥပဒေပုဒ်မ ၁၃ နှင့် ပုဒ်မ ၄၇ တို့အရ ကလေးခရိုင် အတွင်းရှိ SGG လိုင်စင်ကားများနှင့် ဆိုင်ကယ်များကို ယင်းသို့ ကောက်ခံခြင်းဖြစ်ပြီး ပြည်သူလူထု အနှောင့်အယှက် မဖြစ်စေရန် လမ်းပေါ်တွင် ရှောင်တခင်စစ်ဆေးကောက်ခံမှု မပြုလုပ်တော့ကြောင်း၊ လတ်တလောတွင် ခရိုင်ကညနရုံး ၌ စည်ပင်ဝန်ထမ်းများမှ လိုင်စင်သက်တမ်းလာတိုးသည့် SGG လိုင်စင်ကားများနှင့် စစ်ကိုင်းတိုင်းအခြေစိုက် ဆိုင်ကယ်များကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ကောက်ခံပေးသွားမည် ဖြစ်ကြောင်း ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ထပ်မံသိရသည်။

”ဘီးခွန်ရော၊ တခြားအခွန်တွေရောပါ သေချာကောက်ခံမှ မြို့ နယ်အတွက် ဝင်ငွေတိုးပြီးဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပိုလုပ်ဆောင်နိုင်မှာပါ၊ အခု ကညနရုံးမှာ ကောက်ခံတဲ့ နေရာမှာလည်း ကညနရဲ့ယာဉ်မှတ်ပုံတင်သက်တမ်းနဲ့အညီ ဆိုင်ကယ်တွေဆို ၂ နှစ်စာ တစ်ခါတည်းကောက်ခံသွားပါမယ်၊ ဒါက ကလေး ခရိုင်တစ်ခုတည်း မဟုတ်ပါဘူး၊ စစ်ကိုင်းတိုင်းအတွင်းက တခြားခရိုင် ကညနရုံးတွေမှာပါ ပူးပေါင်းပြီး ကောက်ခံသွားဖို့ တိုင်းကနေ ညွှန်ကြားတာပါ၊ ကညနရုံးမှာ လိုင်စင်သက်တမ်းတိုးတဲ့ယာဉ်တိုင်း တစ်ပါတည်းပေးဆောင်ရမှာ ဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းထဲက မြို့တိုင်း မြို့ဝင်/ထွက်တွေမှာ မြို့ဝင်ဘီးကောက်ပေးစရာ မလိုတော့ပါဘူး”ဟု ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့ ဘီးခွန်များကောက်ခံရာတွင် ငါးတန်နှင့်အထက် ၁၂ ဘီး၊ မှန်လုံယာဉ်ကြီးနှင့်အထက် ယာဉ် များကို တစ်နှစ်စာ ကျပ်သုံးသောင်းခွဲ၊ သုံးတန်မှ ငါးတန်အောက် ဒိုင်နာအုပ်စု ကားများကို တစ်နှစ်စာ ကျပ်နှစ်သောင်း၊ တစ်တန်မှ သုံးတန်အောက် Light Truck ကားများ အုပ်စုကို တစ်နှစ်စာ ကျပ်တစ်သောင်းခွဲ၊ တစ်တန်နှင့်အောက် အိမ်စီးကားများကို တစ်နှစ်စာ ကျပ်  ၁၂,ဝဝဝ၊ ထော်လာဂျီ ကျပ်တစ်သောင်း၊ သုံးဘီးဆိုင်ကယ် ကျပ်ငါးထောင်၊ ဆိုင်ကယ် ကျပ် ၃,၅ဝဝ စသော နှုန်းထားများဖြင့် ကောက်ခံမည်ဖြစ်ကြောင်း ကလေးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here