လျှပ်စစ်ကားများ၏ ဘက်ထရီကို အမြန်ဆုံး အားဖြည့်ပေးနိုင်သည့် ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကား အားသွင်းစက်ကို ဆွစဇာလန် စက်မှုကုမ္ပဏီ ABB က တီထွင်ပြသခဲ့ကြောင်း ဧပြီ ၂၇ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ ယင်းစက်ကို Terra High Power DC Fast Charger ဟု အမည်ပေးထားပြီး ကီလိုဝပ် ၃၅ဝ ထုတ်ပေးကာ လျှပ်စစ်ကား တစ်စီးကို မိုင် ၁၂ဝ မောင်းနိုင်ရန်အတွက် အားသွင်းချိန် ရှစ်မိနစ်ခန့်သာ ကြာမြင့်မည်ဖြစ်သည်။
လက်ရှိ အသုံးပြုနေသော လျှပ်စစ်ကား အားသွင်းစက်များမှာ Terra High Power DC Fast Charger ထက် စွမ်းအင်ထုတ်လွှတ်မှု သိသာစွာ နည်းပါးကာ Volkswagen ၏ CHAdeMO အားဖြည့်စက်မှာ ၆၂ ဒသမ ၅ ကီလိုဝပ်၊ Tesla Supercharger အားဖြည့်စက်မှာ ကီလိုဝပ် ၁၂ဝ ခန့်သာ ထုတ်ပေးနိုင်ကြောင်း သိရသည်။ Tesla Supercharger ထက် အားသွင်းနိုင်စွမ်း သုံးဆပိုမြန်သည့် Terra High Power DC Fast Charger မှာ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဆီဆိုင်များတွင် အကောင်းဆုံးသုံးစွဲရန် သင့်လျော်သည်ဟု ABB က ယုံကြည်ကာ နိုင်ငံပေါင်းခြောက်ဆယ်တွင် လျှပ်စစ်ကား အားသွင်းစက် ၆,၅ဝဝ ကျော် တည်ဆောက်သွားရန် စီစဉ်နေသည်။ ABB ၏ Terra High Power DC Fast Charger မှာ တစ်ပြိုင်တည်း လျှပ်စစ်ကား အများအပြားကို အားဖြည့်ပေးနိုင်ပြီး အားသွင်းနှုန်း ကျဆင်းသွားခြင်း မရှိကြောင်းလည်း သိရသည်။
Ref : Autoblog