ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဖင်လျှောပြိုင်ကားအဖြစ် Ford Mustang သုံးနှစ်ဆက်တိုက် ရပ်တည်

796

အမေရိကန်ပြိုင်ကားမိုဒယ် Ford Mustang သည် ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဖင်လျှောပြိုင်ကား (Sports Coupe)  အဖြစ် သုံးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း ဧပြီ ၂၃ ရက်တွင် အိန္ဒိယ ထိပ်တန်းမော်တော်ယာဉ် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Overdrive မှ ရေးသားဖော်ပြခဲ့သည်။ လန်ဒန်အခြေစိုက် IHS Markit သတင်းအချက်အလက် သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၆ နိုင်ငံ၌ Ford Mustang  ကားအစီးရေ ၁၂၅,၈ဝ၉ စီး ရောင်းချခဲ့ရကာ ဥရောပတစ်လွှားတွင် အနီးကပ်ဆုံးပြိုင်ဘက် Porsche 911 ထက် သာလွန်ပြီး အစီးရေ ၁၃,၁ဝဝ အထိ ရောင်းချခဲ့ရသည်။

၂ဝ၁၇ ခုနှစ်အတွင်း Ford Mustang  ၏ အဓိကစျေးကွက်မှာ အမေရိကန်ပြည်ထောင်စု ဖြစ်ပြီး ကား ၈၁,၈၆၆ စီး ရောင်းချခဲ့ရကာ ယင်းနောက်တွင် တရုတ်(၇,၁၂၅ စီး)၊ ဂျာမနီ(၅,၇၄၂ စီး)၊ ဗြိတိန်ကျွန်းစု(၂,၂၁၁ စီး)၊ ပြင်သစ်(၉၄၂ စီး)၊ ဘယ်လ်ဂျီယံ(အစီးကိုးရာ)နှင့် ဆွီဒင်(၅၁၂ စီး) တို့ အစဉ်လိုက် ရပ်တည်ခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ကမ္ဘာတစ်ဝန်းသို့ စတင်ဖြန့်ချိရောင်းချချိန်မှ စတင်ကာ လက်ရှိအချိန်အထိ Ford Mustang အစီးရေ ၄၁၈,ဝဝဝ ရောင်းချခဲ့ရပြီး ဖြစ်သည်။ Ford Mustang  တွင် မြင်းကောင်ရေ လေးရာအား 5.0 L V8  အင်ဂျင်ကို ဝယ်သူအများစုက ကြိုက်နှစ်သက်ကြပြီး အမိုးဖွင့်ပြိုင်ကားပုံစံအဖြစ်လည်း မှာယူနိုင်သည့် Ford Mustang  ကို ၂ဝ၁၈ မိုဒယ်အဖြစ် ထုတ်လုပ်ရာတွင် သေးသွယ်သော LED  ရှေ့ မီးအုံ၊ C-shaped LED  နောက် မီးအုံ၊ အိပ်ဇောပိုက် လေးချောင်း၊    ၁၂ လက်မအရွယ် LCD အချက်ပြ ဒိုင်ခွက်၊ Keyless Entry ၊ Push-Button Start ၊ နောက်ကြည့် ကင်မရာ၊ Apple CarPlay  နှင့် Android Auto  တို့ သုံးနိုင်သော Infotainment System  ၊ ABS နှင့် Electronic Stability Control (ESC)  စသည့်  နည်းပညာနှင့် အစိတ်အပိုင်းများ ပါဝင်မည်ဟု သိရသည်။

Ref : overdrive.in

LEAVE A REPLY

Please enter your comment!
Please enter your name here