ကမ္ဘာ့ပထမဦးဆုံး ဘက်ထရီကား

1418

၁၉၅၈ ခုနှစ်က စတင် ဖွဲ့စည်းခဲ့သော အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့ (NASA) သည် အမေရိကန် အာကာသယာဉ်မှူးများကို အာကာသထဲသို့ စေလွှတ်မည့် မာကျူရီစီမံကိန်းကို အဆိုပါနှစ်၏ အောက်တိုဘာ ၇ ရက်က စတင်ခဲ့သည်။ နာဆာအဖွဲ့သည် ဤမြေကမ္ဘာကြီး၏ ပြင်ပပတ်ဝန်းကျင် နှင့် လ၏ပတ်ဝန်းကျင် အခြေအနေများကို လေ့လာနိုင်ရန် ရည်ရွယ်လျက် ၁၉၅၈ ခုနှစ် အတွင်းမှာပင် ပိုင်အိုးနီးယား အာကာသယာဉ်များကို အာကာသထဲသို့ စမ်းသပ်စေ လွှတ်ခဲ့သည်။

 

နာဆာအဖွဲ့၏ မဆုတ်မနစ်ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများကြောင့် ၁၉၆၁ ခုနှစ်၊ မေ ၅ ရက်တွင် အမေရိကန်တို့၏ ပထမဦးဆုံးသော အာကာသယာဉ်မှူးကို ကမ္ဘာ့အပြင်ဘက် အာကာသထဲသို့ရောက်အောင် ပို့လွှတ်နိုင်ကာ ထိုမှတစ်ဆင့် ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ဝ ရက်တွင် အမေရိကန်တို့၏ လူလိုက်ပါသော ပထမဦးဆုံး ကမ္ဘာပတ်ယာဉ် Friendship-7 ဖြင့် ကမ္ဘာကို သုံးပတ်ပတ်နိုင်ခဲ့သည်။ ထို့နောက် အမေရိကန်တို့ သည် ကမ္ဘာ့ပထမဦးဆုံးသော ဆက်သွယ်ရေး ဂြိုဟ်တုကို ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၁ဝ ရက် က ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ကြပြန်သည်။

 

ဤသို့အားဖြင့် ၁၉၆၁ ခုနှစ်၊ မေလမှ စတင်ခဲ့ကာ ၁၉၆၇ ခုနှစ်အရောက်တွင် အာကာသယာဉ်မှူးသုံးဦး တစ်ပြိုင်တည်း လိုက်ပါနိုင်သော အပိုလို(Apollo) အာကာသယာဉ် စီမံကိန်းကို အကောင်အထည်ဖော် နိုင်ခဲ့ကြသည့် အမေရိကန်တို့သည် ၁၉၆၉ ခုနှစ်၊ ဇူလိုင် ၂ဝ ရက်တွင် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်၍ ကမ္ဘာ့ပထမဦးဆုံးသော လပေါ်ရောက် လူသားများအဖြစ် အမေရိကန် အာကာသယာဉ်မှူးနှစ်ဦးကို လမျက်နှာပြင်ပေါ်၌ ခြေချစေနိုင်ခဲ့သည်။

 

ထို့နောက် အမေရိကန်တို့သည် အပိုလို အာကာသယာဉ်များကို ဆက်တိုက်ဆိုသလို လွှတ်တင်ခဲ့ပြီး လမျက်နှာပြင်ပေါ်သို့ အကြိမ်ကြိမ်ဆင်းသက်ကာလ၏အကြောင်းကို ထဲထဲဝင်ဝင် သိရှိနိုင်ရန် စူးစမ်းလေ့လာ ခဲ့ကြသည်။ ယင်းကဲ့သို့သော လမျက်နှာပြင် စူးစမ်းလေ့လာရေးဆိုင်ရာ အာကာသခရီးစဉ်များအနက် ၁၉၇၁ ခုနှစ်က လွှတ်တင်ခဲ့သည့် အပိုလို ၁၅ အာကာသယာဉ်နှင့်အတူ အာကာသ သိပ္ပံပညာရှင်တို့က တီထွင်ထုတ်လုပ်ခဲ့သော လူနာရိုဗာ(Luna Rover) ဘက်ထရီကားကို တင်ဆောင်သွားခဲ့သည်။

 

ကမ္ဘာ့ပထမဦးဆုံးသော ဘက်ထရီကား လူနာရိုဗာဖြင့် အပိုလို ၁၅ အမေရိကန် အာကာသယာဉ်မှူးများသည် လဆင်းယာဉ် ဆင်းသက်ရပ်နားထားသည့် နေရာမှ ၂၇ ကီလိုမီတာကျော်ကျော် အကွာအဝေးအထိတိုင် မောင်းနှင်သွားလာရင်း လမျက်နှာပြင်ပေါ် ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းလေ့လာနိုင်ခဲ့ကြသည်။ အပိုလို ၁၅ အာကာသယာဉ်မှူးများဖြစ်ကြသည့် ဒေ့ဗ်စကော့နှင့် ဂျင်အာဝင်တို့သည် လူနာရိုဗာကို မောင်းနှင်ကာ အပင်နိုင်းတောင်တန်းဒေသ၌ သုံးရက်ကြာ နေထိုင်ပြီး မြေသားနမူနာများနှင့် ကျောက်တုံးများကို ကောက်ယူစုဆောင်းခဲ့ကြသည်။

 

လူနာရိုဗာ ဘက်ထရီကားကို မောင်းနှင်အသုံးပြုကာ လမျက်နှာပြင်ပေါ်၌ လှည့်လည်သွားလာရင်း လကျောက်တုံးနမူနာများကို ကောက်ယူစုဆောင်းခဲ့ကြသော စကော့နှင့် အာဝင်တို့သည် သက်တမ်းနှစ်ပေါင်း ၄ ဒသမ ၅ ဘီလျံရှိသော ကျောက်တုံးတစ်တုံးကိုပါ တွေ့ရှိခဲ့ကြသည်။ အဆိုပါ ကျောက်တုံး၏ သက်တမ်းသည် လ၏ သက်တမ်းနီးပါးမျှရှိနေသည့်အတွက် အမေရိကန် သိပ္ပံပညာရှင်တို့က အဆိုပါ ကျောက်တုံးကို လ၏ ဖွားဖက်တော်ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။

 

၁၉၇၂ ခုနှစ်၊ ဧပြီ ၁၆ ရက်က ပစ်လွှတ်ခဲ့သော အပိုလို ၁၆ ၏ အာကာသယာဉ်မှူးများသည်လည်း ဘက်ထရီကား လူနာရိုဗာဖြင့် လမျက်နှာပြင်ပေါ်ရှိ ဒေးကတ်ဒေသ၌ ခရီးတာ ၂၅ ကီလိုမီတာကျော်မျှ လှည့်လည်မောင်းနှင်ရင်း လ၏ ဘူမိသွင်ပြင်များကို စူးစမ်း လေ့လာခဲ့ကြကာ ကျောက်တုံးနှင့် မြေသားနမူနာများကို ကောက်ယူစုဆောင်း ပြီး ကမ္ဘာမြေသို့ သယ်ဆောင်ခဲ့ကြသည်။

 

ထို့အတူပင် ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလ အပိုလို ၁၇ အာကာသယာဉ်ခရီးစဉ်၌ အာကာသယာဉ်မှူး ယူဂျင်းဆာနန် နှင့်အတူ လိုက်ပါသွားသည့် ပထမဦးဆုံးသော ဘူမိဗေဒပညာရှင် အာကာသယာဉ်မှူး ဂျက်ရှမစ်သည်လည်း လပေါ်ရှိ တူးရပ်စ်လစ်ထရိုး တောင်ကြားဒေသ၌ ဘက်ထရီကား လူနာရိုဗာကိုမောင်းနှင်ကာ စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။ ဂျက်ရှမစ်သည် အာကာသယာဉ်မှူးယူဂျင်းဆာနန်နှင့်အတူ တူးရပ်စ်လစ်ထရိုး တောင်ကြားဒေသ တစ်ဝိုက်၌ ခရီးတာ ၃၃ ကီလိုမီတာကျော်အထိ  မောင်းနှင်သွားလာရင်း လပေါ်ရှိ ကျောက်တုံး နမူနာများကို ကောက်ယူစုဆောင်း နိုင်ခဲ့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here