ကမ္ဘာ့ပထမဦးဆုံး ဘက်ထရီကား

1407

မျက်မှောက်ကမ္ဘာကြီးတွင် ရုပ်ကြွင်းလောင်စာများ သုံးစွဲမှု အဆမတန် မြင့်တက်နေခြင်းကြောင့်လေထုညစ်ညမ်းမှု အကြီးအကျယ် ဖြစ်ပေါ်နေခြင်းနှင့်အတူ ဖန်လုံအိမ်အာနိသင်မြင့်မားကာ ကမ္ဘာ့အပူချိန်ကလည်း မြင့်တက်လျက် ရှိနေသည်။ ရုပ်ကြွင်းလောင်စာသုံးစွဲမှု တိုးမြင့်လာသည်နှင့်အမျှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အပါအဝင် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ တိုးပွားလာကာ ယင်းဓာတ်ငွေ့များက ကမ္ဘာ့လေထုထဲသို့ ပျံ့နှံ့ရောက်ရှိသွားမှု ကြောင့် ကမ္ဘာကြီးကို ဖန်လုံအိမ်တစ်ခုအဖြစ် အုပ်မိုးကာရံထားလိုက်ကြသည်။

 

ကမ္ဘာ့မြေပြင်နှင့်ရေပြင်တို့အပေါ်သို့ နေမှကျရောက်လာသော အလင်းတန်းများကို အလင်းပြန်ဖြစ်စဉ်ဖြင့် ကမ္ဘာ့အပြင်ဘက်သို့ ပြန်လည်ထုတ်လွှတ်ရာတွင် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့များ၏အုပ်မိုးကာရံထားမှုကြောင့် နေအလင်း တန်းများအားလုံးသည် ကမ္ဘာ့အပြင်ဘက် သို့ အပြည့်အဝ ပြန်လည်ထွက်ခွာသွားနိုင်ခြင်း မရှိကြတော့ပေ။ ထိုအခါ ကမ္ဘာကြီးက ပိုမိုပူနွေးလာပြီး ထိုမှဆက်စပ်၍ ရာသီဥတု များပြောင်းလဲကာ မိုးလေဝသ အခြေအနေများကပါ ကစဉ့်ကလျားဖြစ်လာတော့သည်။

 

သိပ္ပံပညာရှင်တို့သည် ကမ္ဘာကြီးပူနွေးလာနေမှု ပြဿနာကို ဖြေရှင်းနိုင်ရန် နည်းလမ်းမျိုးစုံကို ကြံဆခဲ့ကြသည်။ စွမ်းအင်ရရှိရေးအတွက် စက်ယန္တရားများကို လည်ပတ်စေရာ၌ အဆင့်မြင့်နည်းပညာများသုံးပြီး ရုပ်ကြွင်းလောင်စာ သုံးစွဲရမှုကို လျှော့ချခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို အစားထိုး သုံးစွဲလာခြင်း၊ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိသော၊ သို့တည်းမဟုတ် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှု မရှိသလောက် နည်းပါးသော အင်ဂျင်များကို တီထွင်ထုတ်လုပ်ခြင်း၊ မော်တော်ကားများ ရွေ့လျားမောင်းနှင်မှု အတွက် လိုအပ်သော စက်မှုစွမ်းအားကို ရုပ်ကြွင်းလောင်စာသုံး အင်ဂျင်များအပေါ် ရာနှုန်းပြည့် မှီခိုနေရမှုမှ လွတ်ကင်းအောင် တီထွင်ဆန်းသစ်ခြင်းစသည့် နည်းပညာသစ်များကို အောင်မြင်စွာဖြင့် ဖော်ထုတ်ကာ လက်တွေ့ကျကျ အသုံးချနိုင်ခဲ့ကြသည်။

 

ဤသို့အားဖြင့် အင်ဂျင်မှထုတ်ပေးသော စွမ်းအားနှင့် လျှပ်စစ်မိုတာမှ ထုတ်ပေးသော စွမ်းအားများကို တစ်လှည့်စီ သုံးစွဲ၍ မောင်းနှင်နိုင်သော Hybrid မော်တော်ကားများကို တီထွင်ထုတ်လုပ်လာနိုင်ကာ မျက်မှောက်ကာလတွင် Hybrid ကား အများအပြားသည် ကမ္ဘာအရပ်ရပ်ရှိအများပြည်သူသုံးလမ်းမများပေါ်၌ မောင်းနှင်သွားလာ နေကြပြီ ဖြစ်သည်။ အလားတူပင် ကြိုတင်အားဖြည့်ထားသည့် ဘက်ထရီမှ ထုတ်ပေးသော လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်သည့်မိုတာကိုသာ အသုံးပြုပြီး အင်ဂျင်တပ်ဆင်ထားခြင်းမရှိသည့် လျှပ်စစ်မော်တော်ကားများကိုလည်း ထုတ်လုပ် အသုံးပြုနေကြပြီဖြစ်သည်။

 

ယနေ့အချိန်တွင် လျှပ်သိုနိုင်မှုအင်အား အလွန်ကောင်းမွန်သည့် ဘက်ထရီဖြင့် မောင်းနှင်နိုင်သော မော်တော်ကား အမျိုးအစားများစွာတို့မှာ လူကြိုက်များလျက်ရှိနေပြီး ရုပ်ကြွင်းလောင်စာကို သုံးစွဲရန်မလိုခြင်း၊လေထုညစ်ညမ်းမှု မဖြစ်ခြင်း၊စက်သံညက်ညောပြီးညင်သာချောမွေ့စွာမောင်းနှင်အသုံးပြုနိုင်ခြင်းစသောအားသာချက်အများအပြားကြောင့် အနာဂတ်ကာလတွင်လည်း ဘက်ထရီဖြင့် မောင်းနှင်သော မော်တော်ကားများ ထုတ်လုပ်မှု နည်းပညာမှာ ပို၍ပင် ဆန်းသစ်လာမည်ဟု မျှော်မှန်းရသည်။

 

မျက်မှောက်ခေတ်သုံး ဘက်ထရီကားတို့၏ ရှေးဦးအစတီထွင်ထုတ်လုပ်မှုကမူ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ် ကျော်က တည်းကပင် စတင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ပထမဦးဆုံးသော ဘက်ထရီကားမှာ Luna Rover ဟု အမည်ပေးထားသော သိပ္ပံသုတေသနလုပ်ငန်းသုံး အဆင့်မြင့် မော်တော်ကားပင် ဖြစ်သည်။ အံ့သြဖွယ်ကောင်း သည့်အချက်မှာ အဆိုပါ အဆင့်မြင့် ဘက်ထရီကားကို ပထမဦးဆုံး စတင်အသုံးပြုခဲ့သည့်နေရာမှာ ဤမြေကမ္ဘာကြီးပေါ်၌ မဟုတ်ဘဲ ဤမြေကမ္ဘာကြီးကို ရက်ပေါင်း သုံးဆယ်လျှင် တစ်ပတ်ကျ မှန်မှန်လှည့်ပတ်နေသည့် လမျက်နှာပြင်ပေါ်၌သာဖြစ်သည်။

 

ဘက်ထရီကား လူနာရိုဗာ (Luna Rover) ကို လမျက်နှာပြင်ပေါ်၌ မောင်းနှင်အသုံးပြုခွင့်ရအောင် လုပ်ဆောင်ခဲ့သော အာကာသသုတေသန လုပ်ငန်းကြီးကို အမေရိကန်ပြည်ထောင်စု၊ အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့ (NASA) က စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ လူနာရိုဗာယာဉ်သည် အလေးချိန်အားဖြင့် နှစ်ရာကီလိုဂရမ်ရှိပြီး တည်ဆောက်မှု ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၉ သန်းခန့် ဖြစ်သည်။ လူနာရိုဗာကို လပေါ်သို့ ယူဆောင်သွားကာ မောင်းနှင်အသုံးပြုနိုင်သော အခြေအနေအထိ ရောက်ရှိလာအောင် အမေရိကန်သိပ္ပံပညာရှင်တို့က ၁၉၅၈ ခုနှစ်ကပင် စတင်ကြိုးပမ်းခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here