ကမ္ဘာ့ပထမဦးဆုံး ကာဗွန်ဖိုင်ဘာ အားဖြည့် ပလတ်စတစ်ကားဘီးများ ကို Porscheကုမ္ပဏီက စျေး ကွက်အတွင်း မကြာမီ မိတ်ဆက် ရောင်းချပေးတော့မည်ဖြစ်ကြောင်း သြဂုတ် ၁၈ရက်တွင် Auto News ကားသတင်းဝက်ဘ်ဆိုက်က ရေး သားဖော်ပြခဲ့သည်။
911Turbo S Exclusive Series ကားမိုဒယ်သစ်များတွင် ရွေးချယ်တပ်ဆင်နိုင်မည့် ယင်း ကားဘီးအမျိုးအစားသစ်ကို ၂ဝ၁၈ ခုနှစ် အစောပိုင်း၌ စျေးကွက်အတွင်း မိတ်ဆက်သွားမည်ဖြစ်သည်။ ၁၉ ပေါင် အလေးချိန်ရှိ အဆိုပါ ပေါင်းစပ်ကားဘီးသည် ပုံမှန်အလူမီနီယမ် အလွိုင်းကားဘီးများထက် ၂ဝ ရာခိုင်နှုန်း ပိုမိုပေါ့ပါးသော်လည်း အခြားဘီးအမျိုးအစားများထက် ၂ဝ ရာခိုင်နှုန်း ပိုမိုကြံ့ခိုင် သည်ဟု ဆိုသည်။ ပေါ့ပါးသည့် အလေးချိန်နှင့် ပေါင်းစပ်ထားသည့် ကြံ့ခိုင်မှုကြောင့် ကားအရှိန်မြင့် သည့်အခါနှင့် ဘရိတ်နင်းသည့် အခါတွင် စွမ်းဆောင်ရည်ပိုမိုမြင့် တက်လာသည်ကို တွေ့မြင်ရမည် ဟုဆိုသည်။ ယင်းကားဘီးအမျိုး အစားသစ် တစ်စုံကို ဒေါ်လာ ၁၇,၆ဝဝ ကျော် ကျသင့်မည်ဟု သိရသည်။ ကားဘီး၏ အလယ် ဗဟိုအား ကာဗွန်ဖိုင်ဘာသားဖြင့် ပြုလုပ်ထားသလို ဘီးနှုတ်ခမ်းကိုပါ ကာဗွန်ဖိုင်ဘာမျှင်များ ကျစ်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်ရန် Porsche ကုမ္ပဏီ က ဂျာမနီနိုင်ငံ၊Oldenburg မြို့ ရှိ Herzog ကုမ္ပဏီက ပြုလုပ်သည့် အချင်း ပေသုံးဆယ်နီးပါးရှိ ကမ္ဘာ့ အကြီးဆုံး ကာဗွန်ဖိုင်ဘာမျှင် ရက် လုပ်သည့်စက်ကို အသုံးပြုခဲ့ရသည်။ ကားဘီးများအတွက် ၁၁ မိုင် ရှည်လျားသည့် ကာဗွန်ဖိုင်ဘာ ကုန်ကြမ်းကို အသုံးပြုရသည်ဟု ဆိုသည်။
ကားဘီး အမျိုးအစားသစ် အတွက် အလေအလွင့်နည်းပါးစွာ ကာဗွန်ဖိုင်ဘာမျှင် ရက်လုပ်နိုင် သည့်အတွက် အထူးသဖြင့် သိပ် သည်းကျစ်လျစ်မှု ပိုမိုမြင့်မားစေပြီး ဘီး၏ကြံ့ခိုင်မှုကို ပိုမိုအားကောင်း စေသည်ဟု Porsche က ပြော သည်။
Ref: Auto News